ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းများ နို့တိုက်ကျွေးရေးဖွင့်ပွဲ အခမ်းအနားကျင်းပ

အခြေခံ ပညာကျောင်းများ ၌ နို့တိုက်ကျွေးခြင်းအစီအစဉ် သည် တစ်ဦး တစ်ယောက်ချင်းအတွက်သာမက လူ့ဘောင်အဖွဲ့အစည်းတစ်ခုလုံးကိုပါ တစ်ဘက် တစ်လမ်းမှ အကျိုးပြုလျက်ရှိကြောင်း၊ ကလေးများ၏ ကျန်းမာကြံ့ခိုင်မှု ပိုမိုကောင်း လာသည်နှင့်အမျှ ကျန်းမာရေးစောင့်ရှောက်ရမှု ကုန်ကျစရိတ်များလည်း လျော့ကျ လာမည်ဖြစ်သည့်အတွက် အစိုးရ၊ မိဘ၊ ဆရာ နှင့် စေတနာရှင်များ ပူးပေါင်းပြီး ကလေးသူငယ်များ၏ အာဟာရပြည့်ဝရေးကို စဉ်ဆက်မပြတ် ကြိုးပမ်း သွားကြရမှာ ဖြစ်ကြောင်း ဇွန်လ ၂၇ ရက် နံနက် ၉ နာရီအချိန်က နေပြည်တော် ဇေယျာသီရိမြို့နယ် ၊ နန်းသြကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ၌ ကျင်းပပြု လုပ်သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းများ နို့တိုက် ကျွေးရေး ဖွင့်ပွဲ အခမ်းအနား တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။

             အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော် ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း နှင့် ညွှန်ကြားရေး မှူးချုပ်များ၊ နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နို့စားနွားမွေးမြူရေးနှင့် နို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်မှုအသင်း ဥက္ကဌ နှင့် လုပ်ငန်း ရှင်များ၊ နို့နှင့်အာဟာရ အလှူရှင်များ၊  နန်းသြ အခြေခံပညာမူလတန်းလွန်ကျောင်း မှ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။

             ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အဖွင့်အမှာစကား ပြောကြား ရာတွင် နိုင်ငံတော်အနေဖြင့်လည်း ဝန်ကြီးဌာနများ ပူးပေါင်းပါဝင်သည့် နိုင်ငံသား အားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကဏ္ဍပေါင်းစုံ ပါဝင်သော ဘက်စုံအာဟာရ ဖွံ့ဖြိုးရေးစီမံကိန်းကို ချမှတ်အကောင်အထည် ဖော်လျက်ရှိကြောင်း၊ အနာဂတ် လူငယ်များ၏ ဉာဏစွမ်းရည် မြင့်မားတိုးတက်စေရေး ၊ ကျန်းမာ ကြံ့ခိုင် သန်စွမ်းသော ကာယစွမ်းရည်များ ပိုင်ဆိုင်နိုင်ကြစေရေးအတွက်  ကျန်းမာရေး နှင့် ညီညွတ်သည့် အစားအစာအာဟာရများပြည့်ဝစွာ စားသုံးလာစေရန် အခြေခံ ပညာကျောင်းများ ၌ နို့တိုက်ကျွေးခြင်းအစီအစဉ်များကို နှစ်စဉ် ဆောင်ရွက်ပေးလျက် ရှိနေသော်လည်း ဆက်လက်၍ ဝေးလံခေါင်းဖျားဒေသများမကျန် တစ်နိုင်ငံလုံးကို လွှမ်းခြုံသည့် နို့နှင့် အာဟာရတိုက်ကျွေးမှုလုပ်ငန်းများ ပိုမိုကျယ်ပြန့်ထိရောက်စေရေး ကြိုးပမ်းသွားကြရ မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် စေတနာရှင်အလှူရှင်များက နန်းသြ အခြေခံပညာမူလတန်း လွန်ကျောင်း တွင် ပညာသင်ကြားနေကြသော ကျောင်းသား ကျောင်းသူလေးများ အား နို့နှင့် အာဟာရများတိုက်ကျွေးကြသည်။

            အခြေခံပညာကျောင်းများ တွင် နို့တိုက်ကျွေးခြင်းကို  ၂၀၁၂-၂၀၁၃ပညာသင် နှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထိ ၈ နှစ်တာ ကာလ အတွင်း ကျောင်းပေါင်း ၁၂၅၉၇ ကျောင်းရှိ ကျောင်းသား ကျောင်းသူ ၂,၆၄၆,၁၆၂ ဦး (ကျောင်းရှိ ကျောင်းသား ကျောင်းသူ နှစ်ဆယ့်ခြောက်သိန်းကျော်)တို့အား နို့နှင့် အာဟာရများ တိုက်ကျွေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။