နယ်သတင်းများ သတင်းကဏ္ဍ

လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်အား ရောင်းချခြင်း ၊ ပေါင်နှံခြင်း ၊ ငှားရမ်းခြင်း ၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုနှင့် စာရင်းအင်း ဦးစီးဌာန၏ စီစဉ်မှုဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ-၇ ရရှိပြီးသော လယ်ယာမြေများအား ရောင်းချခြင်း ၊ ပေါင်နှံခြင်း ၊ ငှားရမ်းခြင်း ၊ လဲလှယ်ခြင်း ၊ ပေးကမ်းခြင်းနှင့် ပတ်သက်၍ အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက အဖွင့် အမှာစကား ပြောကြားပြီး မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး မှ လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ပုံစံ-၇ ရရှိပြီးသော မြေနေရာများအား ရောင်းချခြင်း ၊ ပေါင်နှံခြင်း ၊ ငှားရမ်းခြင်း ၊ လဲလှယ်ခြင်း ၊ ပေးကမ်းခြင်း နှင့် ပတ်သက်၍ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်များကို Power Point ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော မြို့နယ် ၊ ရပ်ကွက် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဝင်များမှ လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းကြရာ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

iprd