ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ စစ်ကိုင်း နှင့် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဝန်ထမ်းများအား တွေ့ဆုံ ၊ ဈေးကွက်ယှဉ်ပြိုင် နိုင်စွမ်းရှိသည့် သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရေးမှာကြား

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် မကွေးတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူး ချုပ်များ နှင့်အတူ ဇွန်လ ၂ ရက် နံနက် ၉ နာရီ အချိန်က မြိုင်မြို့နယ် ဥယျာဉ်ကျေးရွာ တွင် စိုက်ပျိုးရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး  နှင့် မကွေးတိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဝင်း တို့ ဦးဆောင်သော စိုက်ပျိုးရေး ဝန်ထမ်းများအား တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာ၌ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အစား အစာဘေး ကင်းလုံခြုံရေးကို အဓိကဦးစားပေးဆောင်ရွက်နေပြီ ဖြစ်၍ မိမိတို့နိုင်ငံအနေဖြင့် ဈေးကွက်ယှဉ်ပြိုင် နိုင်စွမ်းရှိသည့် အမယ်စုံ သီးနှံများ နှင့် စက်မှုကုန်ကြမ်း သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကို ဝန်ကြီးဌာနက အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒေသ အသီးသီးရှိ လယ်ယာကဏ္ဍ ဆိုင်ရာ တာဝန်ရှိသူ အားလုံးတို့ကလည်း အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဂျီအေပီ နှင့် အော်ဂဲနစ်သီးနှံများကို ဦးစားပေး လာကြသည့် စျေးကွက် ၏ တောင်းဆိုမှုအပေါ် တောင်သူများ သိရှိနာလည်လာစေရေး ပညာပေးစည်းရုံးခြင်း ဖြင့် စျေးကွက်ဝင် ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အလေးထား ဆောင်ရွက် ကြရန် လိုအပ်ကြောင်း၊  ၂၀၁၈ -၂၀၁၉ ခုနှစ် အတွင်း နိုင်ငံပိုင်ခြံ နှင့် ပုဂ္ဂလိကခြံ ၈ ခုတို့ကို GAP Certificate ထုတ်ပေး ခဲ့ပြီးဖြစ်ကြောင်း၊ ဂျီအေပီ နှင့် အော်ဂဲနစ်သီးနှံများ စိုက်ပျိုး ထုတ်လုပ်ရန် စိတ်ပါဝင်စား လျက်ရှိနေကြသည့် တောင်သူများ လုပ်ငန်းရှင် များ အား နည်းပညာ အကူအညီများ ပံ့ပိုး ဆောင်ရွက်ပေးကြရမည် ဖြစ်သကဲ့သို့ အခြားတောင်သူများ အားလည်း အဆင့်မြင့် နည်းပညာသုံး သီးနှံများ၏ စျေးကွက် သေချာမှု၊ တောင်သူများအတွက် ဝင်ငွေအကျိုးအမြတ် ပိုမိုခံစားရနိုင်မှုနှင့် ကျန်းမာရေး ဆိုင်ရာ ဗဟုသုတများ မျှဝေ စည်းရုံးပြီး နည်းပညာ ပြောင်းလဲ အသုံးပြုလာစေရေးကို အလေးထား ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သို့မှသာ ဒေသတွင်း နှင့် နိုင်ငံတကာ တွင် ဈေးကွက် ယှဉ်ပြိုင် နိုင်စွမ်း ရှိသော  စိုက်ပျိုးရေး ထွက်ကုန်များအဖြစ် မြန်မာ့လယ်ယာထွက်ကုန်များ ရေရှည်ရပ်တည် လာနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့ လယ်ယာကဏ္ဍတာဝန်ရှိသူများအနေဖြင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး သာမက သီးနှံများ စျေးကွက်ဝင် စျေးကောင်းရရှိရေး နှင့် တောင်သူ့ အကျိုးစီးပွား သိသာစွာ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ တစ်ပြိုင်တည်းဆောင်ရွက်နိုင်ကြမှသာ “အားလုံးပါဝင်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့သော လယ်ယာကုန်ထုတ် လုပ်မှုစနစ် ထွန်းကားစေခြင်းဖြင့် စားနပ်ရိက္ခာဖူလုံ၍ အာဟာရ ပြည့်ဝစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်နှင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်” ဟူသည့် မိမိတို့ ဝန်ကြီးဌာန၏ မျှော်မှန်းချက် ပြည့်စုံအောင်မြင်မှာဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။