ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

အပြည်ပြည်ဆိုင်ရာ ရော်ဘာ နှီးနှောဖလှယ်ပွဲ ၂၀၁၉ နေပြည်တော် တွင်ကျင်းပ

သစ်တောများ၊ ဇီဝမျိုးကွဲများနှင့် ဂေဟစနစ်များအပါ သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု မရှိသော ရေရှည်တည်တံ့နိုင်သည့် သဘာဝရော်ဘာစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ရေးကို မိမိတို့အားလုံး ကြိုးပမ်းအားထုတ်ကြရန် လိုအပ်ကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၉နာရီအချိန်က နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ် သည့် အပြည်ပြည်ဆိုင်ရာ ရော်ဘာ နှီးနှောဖလှယ်ပွဲ ၂၀၁၉ International Rubber Conference 2019 အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောသည်။

အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန နိုင်သက်လွင်၊  နှင့် ဒုတိယဝန်ကြီးများ ၊ လွှတ်တော်ရေးရာကော်မတီများ မှ တာဝန်ရှိသူများ၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်များ မှ လယ်ယာကဏ္ဍဆိုင်ရာဝန်ကြီးများ၊  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံတကာ ရော်ဘာအဖွဲ့ အစည်း ဖြစ်သည့် သဘာဝရော်ဘာထုတ်လုပ်‌သော နိုင်ငံများအသင်း ANRPC ၏ အထွေထွေ အတွင်းရေးမှူး Dr. Nguyen Ngoc Bich ၊ အပြည်ပြည်ဆိုင်ရာ ရော်ဘာ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဘုတ်အဖွဲ့ IRRDB ၏ အထွေထွေအတွင်းရေးမှူး Dr. Abdul Aziz နှင့် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်း၊ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်တွင်း/ ပြည်ပအဖွဲ့အစည်း များမှ ရော်ဘာပညာရှင်များ စုံညီစွာ တက်ရောက်ကြသည်။

         နှီးနှောဖလှယ်ပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ က  အဖွင့် အမှာစကား ပြောကြားရာ၌ ရော်ဘာ စိုက်ပျိုးရာတွင် ဧက ၂၀ အောက် ပိုင်ဆိုင် သည့် ခြံ ငယ်ရှင်များ၏ ကဏ္ဍသည် စိုက် ဧရိယာ အားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်ကို နေရာယူထား သည်ဖြစ်ရာ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခြံငယ်ရှင်များ ဏ္ဍဆိုင်ရာ ဖွံ့ဖြိုး တိုးတက်အောင် အဓိက ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ် အသုံးပြုမှု များပြားလာမှုနှင့်အတူ တာယာလိုအပ်ချက် ကြီးမားလာသည့်အလျောက် တာယာများ ပြည်တွင်းသို့တင်သွင်းမည့်အစား နိုင်ငံအတွင်း လုံလောက်စွာထုတ်လုပ်နိုင်ခြင်း အားဖြင့် သွင်းကုန်တန်ဖိုး လျှော့ချနိုင်သကဲ့သို့ ပြည်တွင်းရော်ဘာစိုက်ပျိုး ထုတ်လုပ်သူ များအတွက် စျေးကွက်ရရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာ တိုးတက်လာမည်ဖြစ်ကြောင်း၊

ရေရှည်တည်တံ့နိုင်သည့် သဘာဝရော်ဘာ SNR ထုတ်လုပ်မှု လုပ်ငန်းစဉ်များ အနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ အကာအကွယ်ပေးမှု၊ စိုက်ပျိုးမြေအသုံးချမှု၊ စိုက်ပျိုးမှု အလေ့အကျင့်ကောင်းများ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ ပွင့်လင်းမြင်သာမှုနှင့် နောက်ကြောင်းပြန် စစ်ဆေးမှုတို့ အပေါ် အခြေခံ၍စိစစ်မည်ဖြစ်ရာ မြန်မာနိုင်ငံ၏ လက်ရှိ ရော်ဘာ စိုက်ပျိုးထုတ်မှုသည် ဖြစ်နိုင်ချေအကောင်းဆုံးအခြေအနေကို ရောက်ရှိနေပြီး ယင်းအခြေ အနေကို အခြေခံ၍ သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံသည် မကြာမီ ကာလအတွင်း ရေရှည်တည်တံ့နိုင်သည့် သဘာဝရော်ဘာ SNR အဓိက စိုက်ပျိုး ထုတ်လုပ်ရာနိုင်ငံ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊

မြန်မာနိုင်ငံ၏ ရော်ဘာလုပ်ငန်း ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေး မူဝါဒများ ရေးဆွဲ အကောင်အထည်ဖော်ခြင်း၊ ဖွံ့ဖြိုးတိုးတက်နေသော ရော်ဘာစိုက် နိုင်ငံ များကဲ့သို့ Rubber Board တည်ထောင်ခြင်း၊ Rubber Research Institute များ တည်ထောင် ခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ခြင်း၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အရည်အသွေးမြင့် ရော်ဘာထုတ်လုပ်နိုင်အောင် အားပေးကူညီ ခြင်း၊ ခြံငယ်ရှင်များအတွက် လိုအပ်သော အကူအညီအထောက်အပံ့များ၊ သင်တန်းများ၊ နည်းပညာများ ဖြန့်ဝေပေးခြင်း၊ သုတေသနများ စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း  စသည်တို့ကို လျင်မြန်စွာ ကြိုးပမ်းအကောင်အထည်ဖော်ကြရမည်ဖြစ်ကြောင်း၊

မြန်မာနိုင်ငံ၏ သုတေသနအခြေပြုဖွံ့ဖြိုးရေးကဏ္ဍကို ဖြည့်ဆည်းနိုင်ရန်အတွက် ရော်ဘာသုတေသနလုပ်ငန်းများတွင် ရန်ပုံငွေကျခံသုံးစွဲခြင်း၊ ကျွမ်းကျင်ဝန်ထမ်းမွေးမြူ ခြင်း၊ သုတေသနအခြေခံအဆောက်အဦများ၊ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များ၊ ဒေသနှင့်ကိုက်ညီသော အထွက်ကောင်းရော်ဘာစပ်မျိုး ထုတ်လုပ်ခြင်း ပြုနိုင်ရန် အတွက် မျိုးယှဉ်ပြိုင်သုတေသန စမ်းသပ်ကွက်များ တည်ထောင်စိုက်ပျိုးကာ ဒေသနှင့် အကိုက်ညီဆုံး ရော်ဘာမျိုးများကို ရွေးချယ်ဖော်ထုတ်ပြီး ‌ရော်ဘာစိုက်ပျိုးသူများ သို့ အသိ ပေးဖြန့်ဝေပေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြား သည်။

         ထို့နောက် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်း ဥက္ကဌ ဉီးအောင်မြင့်ထူး က မြန်မာနိုင်ငံ၏  ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် စျေးကွက်အခြေအနေ များ ကိုလည်းကောင်း၊

အပြည်ပြည်ဆိုင်ရာ ရော်ဘာ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ IRRDB ၏ အထွေထွေအတွင်းရေးမှူး Dr. Abdul Aziz က နှုတ်ခွန်းဆက် စကားများကိုလည်းကောင်း အသီးသီးပြောကြားကြသည်။

ဖွင့်ပွဲ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် အပြည်ပြည်ဆိုင်ရာ ရော်ဘာ နှီးနှောဖလှယ်ပွဲ ၂၀၁၉ International Rubber Conference 2019  အထိမ်းအမှတ် ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။

အပြည်ပြည်ဆိုင်ရာ ရော်ဘာ နှီးနှောဖလှယ်ပွဲ ၂၀၁၉ International Rubber Conference 2019  အခမ်းအနားသို့ မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ မလေးရှား၊ နိုင်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား စသည့် နိုင်ငံများမှ ရော်ဘာ ပညာရှင်များ တက်ရောက်လျက်ရှိပြီး စာတမ်းပေါင်း ၅၈ စောင်ကို စက်တင်ဘာလ ၃၀ ရက်နေ့ မှ အောက်တိုဘာလ ၁ ရက်နေ့အထိ ၂ ရက်ကြာ ဖတ်ကြားဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရော်ဘာ ကို မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး နှင့် ကရင်ပြည်နယ် ၌ အဓိက စိုက်ပျိုးဖြစ်ထွန်းပြီး တစ်နိုင်ငံလုံးစိုက်ပျိုးမှု၏ ၇၀ ရာခိုင်နှုန်း ရှိသည်။ ကျန် တိုင်းဒေသကြီး နှင့် ပြည်နယ်(၇)ခုတို့တွင်လည်း စိုက်ပျိုးကြပြီး အပူပိုင်း ဒေသ မှ လွဲ၍ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်း၊ မြန်မာ့ ရော်ဘာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာ စေရန် စိုက်ပျိုးထုတ်လုပ်သူများ၊ လုပ်ငန်း ရှင်များ၊ ဌာနဆိုင်ရာများ ညီညီညွတ်ညွတ် ဆောင်ရွက် ကြရန်လိုကြောင်း၊ အထူးသဖြင့် ရော်ဘာ တောင်သူများအနေဖြင့် မိမိတို့၏ ကုန်ကြမ်း အရည် အသွေးအပေါ် အာမခံချက်ပေးနိုင်သည်အထိ တာဝန်ယူမှု ရှိမှသာ နိုင်ငံတကာ စျေးကွက်မှာ မျက်နှာပန်းလှနိုင်မှာ ဖြစ်ပြီး စျေးကွက်ရော စျေးနှုန်းပါ သေချာစေမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်း ဥက္ကဌ ဉီးအောင်မြင့်ထူး က ပြောသည်။

စိုက်ပျိုးရေးဦးစီးဌာနသည် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ ရော်ဘာအဖွဲ့အစည်းများဖြစ်သောသဘာဝရော်ဘာထုတ်လုပ်‌သောနိုင်ငံများအသင်း(Association of Natural Rubber Producing Countries – ANRPC) ၊ အပြည်ပြည်ဆိုင်ရာ ရော်ဘာ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (International Rubber Research and Development Board – IRRDB) စသည့် အဖွဲ့များနှင့် အဖွဲ့ဝင်နိုင်ငံဖြစ်‌‌ရေး စတင် ဆောင်ရွက်ခဲ့သည်။ IRRDB အဖွဲ့ဝင်နိုင်ငံဖြစ်ရေး ၂၀၁၂ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၇ ခုနှစ်တွင် ကျင်းပသည့် IRRDB ၏ နှစ်စဉ်အစည်းအဝေးတွင် ဌာနကိုယ်စားလှယ် အဖွဲ့များမှ လေ့လာသူအဖြစ် တက်ရောက်ခဲ့ပြီး IRRDB ၏ လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ကာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် IRRDB ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင် ဝင်ရောက်နိုင်ခဲ့သည်။

ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများ၊ တင်ပို့ရောင်းချမှုဆိုင်ရာ လုပ်ငန်း များတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်သော နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် ANRPC သို့ ဝင်ရောက်နိုင်ခဲ့ပြီးဖြစ်သကဲ့သို့ ရော်ဘာသုတေသနလုပ်ငန်းများ၊ နိုင်ငံတကာနှင့် ရော်ဘာမျိုးဖလှယ်သည့်လုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် IRRDB သို့လည်း  ၂၀၁၈ ခုနှစ်မှစ၍ အသင်းဝင်အဖြစ် ဝင်ရောက်နိုင်ခဲ့ပြီးဖြစ်ကြောင်း နှင့် မြန်မာ့ရော်ဘာထုတ်လုပ်မှု အရည်အသွေးနှင့် အရေအတွက် တိုးတက်မြင့်မားရေး ကို သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သတင်းရရှိ သည်။