နိုင်ငံတော်အဆင့်သတင်း သတင်းကဏ္ဍ

၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အခမ်းအနား

၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သမဝါယမဦးစီးဌာန ရုံးအမှတ် (၁၆) ၌ ကျင်းပရာ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးခင်မောင်ချို၊ ဦးသောင်းထွန်း၊ နိုင်သက်လွင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုသမဝါယမအသင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် သမဝါယမ အသင်းစုဥက္ကဋ္ဌ များနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ INGOs အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သမဝါယမအသင်းသူ အသင်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

         ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့စျေးရောင်း ပွဲတော်ဖွင့်ပွဲအခမ်းအနားကို သမဝါယမ ဦးစီးဌာနရုံးရှေ့မျက်နှာစာ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမျိုးသားလွှတ်တော်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။
ထို့နောက် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားကို သမဝါယမဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဆက်လက်ကျင်းပသည်။
ရှေးဦးစွာ တေးသံရှင်စောဖိုးခွား၏ “နှလုံးအိမ်ထက်ကသက်တံ့ရောင်” သမဝါယမ တေးသီချင်းဖြင့်အခမ်းအနားကို ဖွင့်လှစ်သည်။ ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က အမှာစကားပြောကြားရာတွင် နိုင်ငံတကာရှိ သမဝါယမ အသင်းများ အချင်းချင်းချစ်ကြည်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာစေရေး ဟူသည့် ရည်ရွယ်ချက်များဖြင့် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် (International Cooperative Alliance – ICA) ကို ၁၈၉၅ ခုနှစ်တွင် ဖွဲ့စည်းထူထောင်ခဲ့ပါကြောင်း၊ သမဝါယမဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ဗဟိုသမဝါယမအသင်း လီမိတက်သည် ၁၉၉၃ ခုနှစ်တွင် ICA အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပါကြောင်း၊ ICA အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်၏ လှုပ်ရှားဆောင်ရွက်မှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် လျက်ရှိပါကြောင်း။
၁၉၉၄ ခုနှစ်တွင် ကျင်းပခဲ့သည့် (၄၉) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးက နှစ်စဉ် ဇူလိုင်လပထမပတ်စနေနေ့ကို အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ချက်အရ နှစ်စဉ် ဇူလိုင်လပထမပတ်စနေနေ့တွင် ကမ္ဘာအရပ်ရပ်ရှိ သမဝါယမ အဖွဲ့အစည်းများအနေဖြင့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားကို နိုင်ငံအလိုက်ကျင်းပခဲ့ကြရာ ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် မြန်မာနိုင်ငံ၌ (၂၅) ကြိမ်မြောက် ကျင်းပပြုလုပ်သည့် အခမ်းအနားဖြစ်ပါကြောင်း။

ယခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဆောင်ပုဒ်ဖြစ်သည့် “Inclusive Development and Decent Work -အားလုံးပါဝင်သော ဖွံ့ဖြိုးမှုတွင် သင့်တင့် လျောက်ပတ်သော အလုပ်အကိုင်ဖော်ဆောင်ပေးရေး” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ သမဝါယမအသင်းအဖွဲ့များအနေဖြင့် အသင်းဝင်အချင်းချင်း၊ အသင်းအချင်းချင်း အလျား လိုက်၊ ဒေါင်လိုက်အချိတ်အဆက် မိမိပူးပေါင်းကြိုးပမ်း ဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင်အတွင်း တရားမျှတမှု ရှိသည့် လူမှုအသိုက်အဝန်း တစ်ခုဖြစ်ပေါ်လာရေး၊ လက်ရှိ အလုပ်အကိုင်များ ခန့်ထားပေးနိုင်မှုကို တည်မြဲစေရန် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ပေးနိုင်ရေး၊ ကောင်းမွန်သည့် အလုပ်အကိုင်များ ဖန်တီးပေးရာတွင် အားပေး မြှင့်တင်ဆောင်ရွက်ပေးရေးနှင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဒီမိုကရေစီ နည်းလမ်း ဖြင့် စနစ်တကျ အဓိကဦးစားပေးထိန်းချုပ် ဖော်ဆောင်ပေးလျက်ရှိသည့် ပြည်သူဗဟိုပြု သမဝါယမ လုပ်ငန်းများဖြစ်ကြောင်း အများပြည်သူသိမြင်နိုင်စေရေးကို အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်ကြီးက တိုက်တွန်းနှိုးဆော်ထားပါကြောင်း။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ထားသည့် ၂၀၃၀ ခုနှစ်အထိ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင် (၁၇)ရပ်ကို ကမ္ဘာ့နိုင်ငံ အသီးသီးက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေကြပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်အနေဖြင့် ကုလသမဂ္ဂ၏စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင် (၈) တွင် ပါရှိသည့် ”Inclusive Development and Decent Work – အားလုံးပါဝင်သော ဖွံ့ဖြိုးမှုတွင်သင့်တင့် လျောက်ပတ်သော အလုပ်အကိုင် ဖော်ဆောင်ပေးရေး” ကို သိသာပေါ်လွင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့သမဝါယမ အသင်းအဖွဲ့များကို တိုက်တွန်းနှိုးဆော်ထားသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။
အဆိုပါ ပန်းတိုင် (၈) ကို အကောင်အထည်ဖော်ရာတွင် နိုင်ငံအလိုက်တစ်ဦး ကျဝင်ငွေ တိုးတက်မှုနှုန်း စဉ်ဆက်မပြတ် ထိန်းသိမ်းရေး၊ ထုတ်ကုန်ထုတ်လုပ်သည့်ကဏ္ဍနှင့် လုပ်သား အင်အားအသုံးပြု လုပ်ဆောင်သည့် ကဏ္ဍများအလေးပေးဆောင်ရွက်ရေး၊ သင့်တင့်လျောက်ပတ်သည့် အလုပ်အကိုင်ဖန်တီးပေးနိုင်ရေး၊ စီးပွားရေး စွန့်စားလိုစိတ်၊ ဖန်တီးတီထွင်နိုင်စွမ်းနှင့် ပြုပြင်ပြောင်းလဲလိုမှုများကို အားပေးမည့် ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများ အားပေးမြှင့်တင်ရေး၊ ၂၀၃၀ ခုနှစ်တွင် လူငယ်များနှင့် မသန်စွမ်းသူများအပါအဝင် အမျိုးသမီးများနှင့် အမျိုးသားများအားလုံး အလုပ်အကိုင် အပြည့်အဝရရှိရေးနှင့် တူညီသည့်အလုပ်အတွက် တူညီသည့် လုပ်ခ လစာရရှိရေး၊ ကလေးလုပ်သားများကို အတင်းအဓမ္မခိုင်းစေခြင်းများ အဆုံးသတ်ရေး၊ အလုပ်သမား အားလုံး အတွက် လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှု တိုးမြှင့်ရေးနှင့် လုပ်သားအခွင့်အရေးများ ကာကွယ်ပေးရေး၊ ၂၀၃၀ ခုနှစ် တွင် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်သည့်မူဝါဒများ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှု အားကောင်းလာစေရေး၊ ကုန်သွယ်ရေးဆိုင်ရာ အကူအညီအထောက်အပံ့ တိုးမြှင့်ရေးတို့ကို ဦးစားပေးဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
ယနေ့ကမ္ဘာတွင် ဆင်းရဲချမ်းသာကွာဟချက်များ၊ လူမှုရေးနှင့်စီးပွားရေး မညီမျှမှုများကို စိန်ခေါ်မှုများအဖြစ် နေ့စဉ်ကြုံတွေ့နေရပါကြောင်း၊ စစ်မက်ဖြစ်ပွားမှု၊ အစားအစာ ငတ်မွတ်ခေါင်းပါးမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုနှင့် သဘာဝဘေးဆိုးများ ကျရောက်မှု၊ ရောဂါဆိုးဖြစ်ပွားမှု၊ လူကုန်ကူးမှု စသည့်များစွာသော ပြဿနာများကိုလည်း ရင်ဆိုင်နေကြရပါကြောင်း၊ ထိုသို့သောမညီမျှမှုများနှင့် ပဋိပက္ခစိန်ခေါ်မှုများလျော့ပါး သက်သာစေရေးအတွက် သမဝါယမအသင်းအဖွဲ့များအနေဖြင့်လည်း တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုနိုင်ရန်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။
ကမ္ဘာ့သမဝါယမများအနေဖြင့် ၂၀၁၂ ခုနှစ်ကာလများက လူဦးရေသန်း (၁၀၀) ကျော်ကို ဝင်ငွေရရှိနိုင်သည့် အလုပ်အကိုင်များ ဖန်တီးပေးနိုင် ခဲ့ပြီး မျက်မှောက် ကာလတွင် လူဦးရေ (၂၇၉) သန်းကျော်ကို အလုပ်အကိုင်များဖန်တီးပေးနိုင်နေပြီဖြစ်ပါကြောင်း။
မြန်မာ့သမဝါယမကဏ္ဍအနေဖြင့်လည်း ကျေးလက်နေအသင်းသား တောင်သူများအတွက်ငွေကြေးဆိုင်ရာ ထောက်ပံ့မှုများကို လက်တွေ့ကျကျ ဆောင်ရွက်လျက်ရှိပြီး လက်ရှိရရှိထားသည့် အောင်မြင်မှုအရှိန်အဟုန် အတိုင်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရန်မှာကြားလိုပါကြောင်း။
ယနေ့အခမ်းအနားနှင့်အတူ (၁၁) ကြိမ်မြောက်အတွက် တာဝန်ကျေပြန်လည် ပေးဆပ်ပြီးသည့် စိုက်ပျိုးရေး သမဝါယမ အသင်းသားများအတွက် (၁၂) ကြိမ်မြောက်အဖြစ် အသေးစား အရင်းအနှီးချေးငွေကျပ် (၂၁၁ဒသမ၉၉၂) ဘီလီယံ၊ စက်မှုလယ်ယာစနစ်သို့ အဆင့်မြှင့်တင်ရန်လယ်ဧက (၃၇၅၃) ဧကအတွက် ချေးငွေကျပ် (၁ဒသမ၁၁၀) ဘီလီယံနှင့် မျိုးစေ့ထုတ်သမဝါယမအသင်းများသို့ ချေးငွေကျပ် (ဝဒသမ၁၃၄) ဘီလီယံတို့ကို ဗဟိုသမဝါယမအသင်းမှတစ်ဆင့် အသင်းစုချုပ် များသို့ချေးငွေများ ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါချေးငွေ များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ သမဝါယမ အသင်းသားများသို့ အသင်းအဆင့်ဆင့်လမ်းကြောင်းမှတစ်ဆင့် စနစ်တကျအမြန်ဆုံး ဆက်လက်ထုတ်ချေး ပေးသွားရန် တိုက်တွန်းမှာကြား လိုပါကြောင်း။
လယ်ယာကဏ္ဍမူဝါဒနှင့် လုပ်ငန်းစဉ်များတွင် သမဝါယမကဏ္ဍအနေဖြင့် ယခုကဲ့သို့ ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းသည် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနေ ပါကြောင်း၊ ယနေ့ ကမ္ဘာ့နိုင်ငံများရှိ သမဝါယမလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်ပြီး သက်ဆိုင်ရာနိုင်ငံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးကို အထောက်အကူပြုလျက်ရှိနေသည်ကို တွေ့မြင်ကြား သိရပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုအခန်းကဏ္ဍများတွင် သမဝါယမအသင်း များအနေဖြင့် ယခုလက်ရှိအနေအထားထက် ပိုမိုလုပ်ဆောင်ပေးကြရန် တိုက်တွန်း လိုပါကြောင်း၊ မျိုးစေ့ထုတ်လုပ်ရေး သမဝါယမအသင်းနှင့် လယ်ယာအထောက်အကူပြု ဝန်ဆောင်မှု သမဝါယမအသင်းတို့ အနေဖြင့် လယ်ယာသွင်းအားစုများ ရောင်းချခြင်းလုပ်ငန်းကို တောင်သူများ၏ ဆန္ဒနှင့်အညီ တိုးချဲ့ဖွဲ့စည်းသွားကြရန်နှင့် လယ်ယာထုတ်ကုန် သီးနှံတိုးမြှင့်ထုတ်လုပ်ရေး ကွင်းဆက် တစ်လျှောက်တတ်နိုင်သည့်အပိုင်းတွင် သမဝါယမအသင်းများအနေဖြင့် ကူညီပံ့ပိုးဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။
လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ကြိုးပမ်းဆောင်ရွက်နေသည့် ကာလတွင် မြန်မာ့သမဝါယမ အသင်းအဖွဲ့များ အနေဖြင့်လူမှု အသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်စေရေး၊ လုပ်ငန်းခွင်အတွင်း တရားမျှတမှုရှိသည့် လူမှုအသိုက်အဝန်းတစ်ခု ဖြစ်ပေါ်လာရေး၊ လက်ရှိအလုပ်အကိုင်များ ခန့်ထားပေးနိုင်မှုကို တည်မြဲစေရန် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ရေး၊ ကောင်းမွန်သည့် အလုပ်အကိုင်များ ဖန်တီးပေးရာတွင် အားပေး မြှင့်တင်ဆောင်ရွက်ပေးရေးနှင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဒီမိုကရေစီ နည်းလမ်း ဖြင့် စနစ်တကျဦးစားပေး ပူးပေါင်းပါဝင် ဖြည့်ဆည်းဆောင်ရွက်ကြပါဟု တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။


ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုသမဝါယမအသင်းလီမိတက် ဒါရိုက်တာ အဖွဲ့ဝင်ဒေါက်တာ တိုးနန္ဒာတင်က အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်မှပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။

           ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်၊ ဦးခင်မောင်ချို၊ နိုင်သက်လွင်နှင့် ဦးသောင်းထွန်း၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့က တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့အသေးစား အရင်းအနှီး ချေးငွေများ၊ မျိုးစေ့ထုတ်လုပ်ငန်းနှင့် လယ်ယာမြေ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတို့အတွက် ချေးငွေများ၊ သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်ရည်အမြင့်မားဆုံး ဆုရသမဝါယမအသင်းစုချုပ်များ၊ မြို့နယ်သမဝါယမအသင်းစုများ၊ ကုန်ထုတ်/ ဝန်ဆောင်/ ကုန်သွယ်မှု လုပ်ငန်းများတွင် အမြင့်မားဆုံးစွမ်းဆောင်နိုင်သည့် သမဝါယမအသင်းများနှင့် ဘက်စုံ ထူးချွန်ဆုရသမဝါယမအသင်းများ၊ အပြည်ပြည််ဆိုင်ရာ သမဝါယမနေ့အခမ်းအနားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်းများမှ ဆုရရှိကြသည့် ပြခန်းများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ် စျေးရောင်း ပွဲတော်နှင့် ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားတွင်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ပြောကြားသည့် အမှာစကား

  🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

ဒီကနေ့ ကျင်းပပြုလုပ်သော ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သမဝါယမ နေ့ အခမ်းအနားသို့ တက်ရောက်လာကြတဲ့ နိုင်ငံတော် ဒုတိယသမ္မတနှင့်တကွ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုသမဝါယမအသင်းလီမိတက်မှ ဥက္ကဋ္ဌနှင့် ကိုယ်စား လှယ်များ၊ သမဝါယမအသင်းအသီးသီးမှ အသင်းဥက္ကဋ္ဌများနှင့် အမှုဆောင်များ၊ INGO အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ သမဝါယမဦးစီးဌာန ဝန်ထမ်းများ နှင့် ဧည့်သည်တော်များ အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာပြီး မင်္ဂလာ အပေါင်းနှင့်ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဦးစွာ ပဏာမ နှုတ်ခွန်း ဆက်သအပ်ပါတယ်။

ယခုလို နှစ်စဉ် ဇူလိုင်လ ၊ ပထမ ရက်သတ္တပတ်ရဲ့ စနေနေ့တိုင်း ကျင်းပမြဲ ဖြစ်တဲ့ ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံတဲ့ အပြည်ပြည်ဆိုင်ရာ သမဝါယမ နေ့ အခမ်းအနားတွင် အမှာစကား ပြောကြားခွင့်ရတဲ့အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြား လိုပါတယ်။

ဧည်သည့်တော်များနှင့် သမဝါယမလောကသားများခင်ဗျား-

သမဝါယမလုပ်ငန်းဆိုတာ ပြည်သူကို အခြေပြုတဲ့ စီးပွားရေးလုပ်ငန်း တွေပဲ ဖြစ်ပါတယ်။ အဖွဲ့ဝင်တိုင်းအနေနဲ့ မိမိတို့ရဲ့ ဘုံ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်များနဲ့ ရည်မှန်းချက်တွေကို ကိုယ်တိုင်သိမြင်ပြီး ပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ သမဝါယမများဟာ ပြည်သူတွေကို ဒီမိုကရေစီ နည်းလမ်းနဲ့ စနစ်တကျ ညီမျှမှုကို ဆောင်ယူပေးရမှာဖြစ်ပါတယ်။ သမဝါယမ အသင်းသား အဖွဲ့ဝင်တိုင်းဟာ သမဝါယမအသင်းများရဲ့ စားသုံးသူများဖြစ်သလို အလုပ်ရှင်များလည်း ဖြစ်ကြပါတယ်။ သမဝါယမဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေ ကို အကျိုးအမြတ်နဲ့ မောင်းနှင်နေတာမဟုတ်ဘဲ တန်ဖိုး(Value)ကို အလေးထား ပြီး မောင်းနှင်ရမှာဖြစ်ပါတယ်။ သမဝါယမနဲ့ပတ်သက်ပြီး နိုင်ငံတကာမှာ ခံယူ ကျင့်သုံးနေတဲ့ အခြေခံစည်းမျဉ်းကတော့ “တို့ရဲ့ကမ္ဘာကြီးကို ပိုမို ကောင်းမွန် စေဖို့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ တည်ဆောက်ကြပါစို့ ” ပဲဖြစ်ပါတယ်။ သမဝါယမ လုပ်ငန်းများဆောင်ရွက်တဲ့နေရာမှာ သမဝါယမကျင့်ဝတ် (၄) ရပ်ဖြစ်တဲ့ ရိုးသား ခြင်း၊ ပွင့်လင်းခြင်း၊ လူမှုရေးစိတ်ဓါတ်ရှိခြင်းနဲ့ အများအကျိုးကို အလေးထားခြင်း တို့နဲ့အညီ လိုက်နာဆောင်ရွက်ဖို့နဲ့ သမဝါယမအနှစ်သာရ (၆)ချက်ဖြစ်တဲ့ ကိုယ့်အား ကိုယ်ကိုးခြင်း၊ ကိုယ်တိုင်တာဝန်ယူ ဆောင်ရွက်ခြင်း၊ အများဆန္ဒနဲ့အညီ စီမံ ခန့်ခွဲခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့နဲ့အညီ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

            မြန်မာနိုင်ငံမှာ ၁၉၀၅ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့တွင် စစ်ကိုင်းခရိုင်၊  မြင်းမူမြို့ ငွေစုငွေချေးအသင်းကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ချိန်မှစ၍ မြန်မာ့သမဝါယမ စတင်သန္ဓေတည်ခဲ့ပါတယ်။ ယခုဆိုလျှင် မြန်မာ့သမဝါယမရဲ့ သက်တမ်းဟာ (၁၁၄)နှစ်ကျော်ကာလကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ မေလကုန်အထိ  သမဝါယမအသင်းပေါင်း (၄၀၃၁၀) သင်း၊ သမဝါယမ အသင်းသားဦးရေ (၄.၂၄) သန်းကျော် ဖွဲ့စည်းထားရှိပြီး ဖြစ်တာကြောင့် မြန်မာ့သမဝါယမကဏ္ဍကနေ  အလုပ်အကိုင်များ ဖန်တီးပေးနိုင်မှုမှာ သမဝါယမဦးစီးဌာန ဝန်ထမ်း (၅၉၀၀)ဦးခန့်၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ သမဝါယမ အသင်းများတွင် အသင်းဝန်ထမ်း (၁၃၀၀၀) ကျော်၊ သမဝါယမပိုင် စက်ရုံ/ အလုပ်ရုံများတွင် အလုပ်သမား (၂၀၀၀) ကျော်နှင့် သမဝါယမ အသင်းများတွင် အချိန်ပြည့် အမှုဆောင်အဖွဲ့ဝင်(BODs) (၁၅၀,၀၀၀) ခန့်တို့ကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

သမဝါယမအသင်းများအနေနဲ့ နိုင်ငံ့လူဦးရေရဲ့ (၇၀) ရာခိုင်နှုန်းသော ကျေးလက်နေ တောင်သူ လယ်သမားများ၏ အကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ယခင်က ဆောင်ရွက်ခဲ့သော အသေးစား အရင်းအနှီးချေးငွေ ထုတ်ချေးခြင်းလုပ်ငန်း၊ လယ်ယာသုံး စက်ကိရိယာများ အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချပေးခြင်း လုပ်ငန်း၊ သမဝါယမ ပညာပေးရေးလုပ်ငန်းများ ဆောင်ရွက် ခြင်း၊ သမဝါယမ အသင်းများ ဖွဲ့စည်းခြင်းစတဲ့ လုပ်ငန်းများဟာ အရှိန်အဟုန်နဲ့ စွမ်းအားမြှင့် ဆောင်ရွက်ပေးနိုင်ခဲ့သလို ၂၀၁၆ ခုနှစ်မှ ယနေ့အထိ ယခင်က မလုပ် နိုင်ခဲ့တဲ့ လယ်ယာကဏ္ဍ သွင်းအားစု ဖြန့်ဖြူး ပံ့ပိုးရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ခြင်း၊  လယ်ယာအထောက်အကူပြု ဝန်ဆောင်မှု သမဝါယမ အသင်းများ ပေါ်ပေါက်လာအောင် ဆောင်ရွက်နိုင်ခြင်း၊  အသင်းများနှင့် အသင်းသားများ ပိုင်ဆိုင်သည့် လယ်ယာမြေများကို စက်မှုလယ်ယာစနစ် ကူးပြောင်းနိုင်ရေး အတွက် အသင်းသားတောင်သူလယ်သမားများ မိသားစုတစ်နိုင်တစ်ပိုင် အသုံးပြုနိုင်ရန် လက်တွန်းထွန်စက်အပါအဝင် မြင်းကောင်ရေ (၅၀) အောက် ထွန်စက် (၈၄၇၀) စီး၊ မြင်းကောင်ရေ (၅၀) မှ (၉၀) ကြားရှိ ထွန်စက်ကြီး (၅၅၄၁) စီးနဲ့ ရိတ်သိမ်း ခြွေလှေ့စက် (၅၀၀) စီးတို့ကို  ဒီကနေ့အထိ သမဝါယမအသင်းများက ထောက်ပံ့ ပေးနိုင်ခဲ့ခြင်း၊ မျိုးစေ့ထုတ် သမဝါယမအသင်း(၁၆၆) သင်းအထိ တိုးမြှင့်ဖွဲ့စည်း နိုင်ခြင်းနှင့် ငွေကြေးထောက်ပံ့ပေးနိုင်ခြင်းတို့ကို ထူးခြားစွာဆောင်ရွက်ပေးလာ နိုင်တာတွေကိုလည်း တွေ့ရှိရပါတယ်။

ဒါ့အပြင် လက်ရှိ တောင်သူ လယ်သမားများ ကြုံတွေ့နေကြရတဲ့ အခက်အခဲများကို ဖြေရှင်းပေးနိုင်ဖို့ မိမိတို့ အစိုးရအနေနဲ့ သက်ဆိုင်ရာလုပ်ငန်း အသင်းအဖွဲ့များနဲ့ ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့်နည်းတူ မိမိတို့ ဝန်ကြီးဌာန အနေနဲ့လည်း ဗဟိုသမဝါယမအသင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမအသင်းစုချုပ်များနဲ့ ညှိနှိုင်း၍ သမဝါယမ အသင်းများရဲ့ “No Profit : No Loss ” ဟူသော ကျင့်စဉ်များနဲ့အညီ သမဝါယမ အသင်းသား တောင်သူ လယ်သမားများ၏ အကျိုးစီးပွားဖြစ်ထွန်းစေရန် ရည်ရွယ်ပြီး ကူညီ ဆောင်ရွက် ပေးနိုင်ခဲ့တာကိုလည်း တွေ့ရှိရပါတယ်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အတွက် သမဝါယမကဏ္ဍကနေ အသေးစား အရင်းအနှီးများကို အတိုးနှုန်း သက်သက်သာသာနဲ့ ထုတ်ချေး ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာ တစ်နိုင်ငံလုံးရှိ သမဝါယမအသင်းသားများကို ချေးငွေ ကျပ် (၂၁၃.၂၃၆) ဘီလီယံကိုလည်း ဒီကနေ့ အခမ်းအနားမှာ ပေးအပ်သွားမှာဖြစ်လို့ အဆိုပါ ချေးငွေများကို သမဝါယမအသင်းအဆင့်ဆင့် လမ်းကြောင်းကနေ  အသင်းသားများ လက်ဝယ် အရောက် စနစ်တကျ ပြန်လည် ထုတ်ချေး ဆောင်ရွက်သွားကြပါရန်နဲ့ ချေးငွေ များမှာ ပမာဏ အလွန်များပြားသဖြင့် ဆုံးရှုံးမှု မရှိစေရေးအတွက် အထူးဂရုပြု ဆောင်ရွက်သွားကြရန်လည်း အရေးကြီးပါကြောင်း ပြောကြား လိုပါတယ်။

ဖွဲ့စည်းပြီး သမဝါယမအသင်းများကိုလည်း ကျစ်လစ်ခိုင်မာလာအောင် ဆောင်ရွက်ပြီး အသင်းသားများရဲ့ လူမှုရေးနှင့်စီးပွားရေးကို အထောက်အကူပြု နိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် အသင်းများရဲ့ စွမ်းဆောင်ရည် မြှင့်တင်ဖို့နဲ့ ကျစ်လစ်စွာ ဖွဲ့စည်းနိုင်ဖို့ ကာလတစ်ခု သတ်မှတ်ပြီး အသင်းများ ပေါင်းစည်း ဖွဲ့စည်းခြင်း၊ လုပ်ငန်း အမျိုးအစားနဲ့ လျော်ညီတဲ့အသင်းများအဖြစ် ပြောင်းလဲ ဖွဲ့စည်းခြင်း၊ လုပ်ငန်း ဆောင်ရွက်မှု မလုပ်နိုင်တော့တဲ့ အသင်းများကို စာရင်း ရှင်းလင်း ဖျက်သိမ်းခြင်းတို့ကို ဆောင်ရွက်သွားဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။

ဒီကနေ့ အခမ်းအနားမှာ စွမ်းဆောင်ရည် အကောင်းဆုံး သမဝါယမ အသင်းဆုများ၊ စျေးဆိုင် အရောင်းပြခန်းများ ဆောက်လုပ်၍ အကောင်းဆုံး စျေးဆိုင်အရောင်းပြခန်း ဆုများကို ချီးမြှင့် ပေးအပ်သွားမှာဖြစ်လို့ ဆုရရှိကြတဲ့ အသင်းများ အနေဖြင့်လည်း စံနမူနာပြ ဖြစ်အောင် အသင်းသားပြည်သူများရဲ့ လေးစား ယုံကြည်မှု၊ အသင်းသားများ ကိုယ်တိုင် ပူးပေါင်းပါဝင်မှု တို့ကို ရေရှည် တည်တံ့အောင် ထိန်းသိမ်းထားဖို့နဲ့ အသင်းနှင့် အသင်းသားများ အကျိုးအတွက်  ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်အောင် ဆက်လက် ကြိုးပမ်း သွားကြဖို့ ကိုလည်း တိုက်တွန်းမှာကြားလိုပါတယ် ။

ဧည်သည့်တော်များနှင့် သမဝါယမလောကသားများခင်ဗျား-

နိဂုံးချုပ်အားဖြင့် သမဝါယမစနစ်ဟာ ပြောင်းလဲနေတဲ့ ကမ္ဘာ့စီးပွားရေး ဖြစ်စဉ်များနှင့် လိုက်လျောညီထွေစွာ ဖြည့်စွမ်းပေးနိုင်တဲ့ စွမ်းပကားကို ပိုင်ဆိုင် ထားပါတယ်။ သမဝါယမလုပ်ငန်းများဟာ အကြီးမားဆုံးသော လူမှုစီးပွားရေး လုပ်ငန်းဖြစ်သည်နှင့်အညီ ကမ္ဘာ့လူဦးရေ ထက်ဝက် နီးပါးဖြစ်တဲ့ လူသန်းပေါင်း (၃၀၀၀)ရဲ့ အသက်မွေးဝမ်းကျောင်းများကို ခိုင်မာစေခဲ့ကြောင်း ကုလသမဂ္ဂမှ ထုတ်ပြန်ခဲ့ပါတယ်။ ယနေ့ ဖွံ့ဖြိုးပြီးနိုင်ငံများ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံ အများ အပြားမှာ သမဝါယမလုပ်ငန်းများနဲ့ ကြိုးပမ်း အကောင်အထည်ဖော်လျက်ရှိ ကြပြီး သမဝါယမလုပ်ငန်းများ အောင်မြင်နေတာကိုလည်း လေ့လာတွေ့ရှိနိုင် ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (၁၇)ရပ် ကို အကောင်အထည်ဖော်နိုင်ရေးမှာ ကမ္ဘာ့သမဝါယမများက တတ်စွမ်းသမျှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ် ICA (International Cooperative Alliance) က ယခုနှစ်အတွက် ဆောင်ပုဒ် သတ်မှတ် ပေးပြီး နှိုးဆော်တိုက်တွန်းထားပါတယ်။ ဒါ့ကြောင့် ယခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဆောင်ပုဒ် ဖြစ်တဲ့ “ Coops 4 Decent Work : အလုပ်အကိုင် အခွင့်အလမ်းတိုးတက်ဖို့ သမဝါယမအသင်းများဆောင်ရွက်စို့” ဆိုတဲ့အတိုင်း မြန်မာ့သမဝါယမ အဖွဲ့အစည်းများက ကျရာကဏ္ဍမှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြဖို့ တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။