ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းသားသမီး ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့် ။

၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင် ခဲ့ကြသည့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ထမ်း သား သမီး ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း  ကို ဇူလိုင်လ ၁ ရက် နံနက် ၁၀ နာရီ အချိန်က နေပြည်တော် ရုံးအမှတ် ၁၅ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးလှကျော် နှင့်  အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်များ ဝန်ကြီးဌာန အရာထမ်း အမှုထမ်းများမိသားစုများ နှင့် ထူးချွန်ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။

ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြား ရာ၌ အခြေခံပညာအထက်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့ကြတဲ့ သားသမီးများ အနေနဲ့ မိဘဆရာတို့ရဲ့ ဆုံးမသွန်သင် ပြုစုပျိုးထောင်ပေးတဲ့ ဂုဏ်ကျေးဇူးကို အစဉ်အောက်မေ့ပြီး မိမိကိုယ်ကို အမြဲ ထူးချွန်အောင် ၊ လူတော်လူကောင်း တစ်ယောက်ဖြစ်အောင် ဆက်လက် ကြိုးစားပြီး မိမိတို့ဆက်လက်လေ့လာတတ်မြောက်လာကြမယ့် ကျွမ်းကျင်ရာနယ်ပယ်မှာ မိမိ အကျိုး ၊ မိသားစုအကျိုး ၊ နိုင်ငံ့အကျိုး သယ်ပိုးထမ်းရွက်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းပါကြောင်း၊

မိဘတို့၏ ဂုဏ်ကျေးဇူးကို သိတတ်ပြီး၊ သွန်သင်ဆုံးမစကားများကို လက်တွေ့ လိုက်နာကျင့်ကြံခြင်းအားဖြင့် သားတို့/သမီးတို့၏ ဘဝခရီးတစ်လျှောက် ကြုံတွေ့ ရမည့် အခက်အခဲ ၊အတားအဆီးမှန်သမျှတို့ကို လက်တွေ့အမှန်တစ်ကယ် ကျော်လွှား အောင်မြင် နိုင်သည် ဆိုသည့်အချက်ကို လေးလေးနက်နက် ယုံကြည်ခံယူကြပြီး ဘဝတစ်လျှောက်လုံး ကျင့်သုံး လိုက်နာသွားကြရန်လည်း တိုက်တွန်းပါကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီး နှင့်  အမြဲတမ်းအတွင်းဝန်များ ဌာနဆိုင်ရာအကြီးအကဲများက ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ တွင် ထူးချွန်စွာအောင်မြင် ခဲ့ကြသည့် ( ၆ )ဘာသာဂုဏ်ထူးရှင်( ၁၉ )ဦး၊ ( ၅ )ဘာသာ ဂုဏ်ထူးရှင် ( ၂၈ )ဦး၊ ( ၄ )ဘာသာဂုဏ်ထူးရှင်( ၂၅ )ဦး ၊ ( ၃ )ဘာသာဂုဏ်ထူးရှင်( ၄၉ )ဦး တို့ကို ဂုဏ်ပြုဆုများ ချီးမြှင့်ကြရာ ကျောင်းသား ကျောင်းသူများ က လက်ခံရယူကြပြီး ကျောင်းသားတစ်ဦး နှင့် ကျောင်းသူတစ်ဦးတို့က ဂုဏ်ပြုဆုရ ကျောင်းသား ကျောင်းသူများ ကိုယ်စား ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ ကြောင်း သတင်း ရရှိသည်။