ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

လယ်ယာ ကဏ္ဍအတွက် အရေးပါသည့် ကျွမ်းကျင်သော လူသားအရင်းအမြစ်များ တိုးမြှင့်မွေးထုတ်ပေးရေး အလေးထားဆောင်ရွက်

မျိုးဆက်သစ် လူငယ်မောင်မယ်များ၏ အနာဂတ် ဖြောင့်ဖြူးသာယာရေး၊ လယ်ယာ ကဏ္ဍ အတွက် အရေးပါသည့် ကျွမ်းကျင်သော လူသားအရင်းအမြစ်များ မွေးထုတ်ပေးရေး အတွက် ဆရာ့ဝတ္တရား ကျေပွန်စွာ စေတနာထား ကြိုးစား အားထုတ်နေကြသည့် ဆရာကြီး ဆရာမကြီးများကို ကျေးဇူးအထူးတင်ရှိပါကြောင်း နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်ပိုင်းက ပျဉ်းမနား စိုက်ပျိုးရေး သိပ္ပံကျောင်း ၏ စာသင်နှစ်အလိုက်သင်တန်းများ ပြန်လည်ဖွင့်လှစ်ရေး အကြို လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က ပြောကြားသည်။

ဒုတိယဝန်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ပျဉ်းမနား စိုက်ပျိုးရေး သိပ္ပံကျောင်းသို့ရောက်ရှိကြရာ ကျောင်းအုပ် ဆရာမကြီးမှ ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူလက်ခံထားရှိမှု အခြေအနေ၊ ကျောင်းများ စတင် လက်ခံ ပေးနေမှု ၊ ကျောင်းသူ ကျောင်းသား အဆောင်များ စာသင် ဆောင် များ ကျောင်းသားဦးရေ လက်ခံနိုင်မှု ပမာဏ နှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ဘေးကင်းလုံခြုံစွာ သင်ကြား သင်ယူနိုင်ရေး စီမံဆောင်ရွက်ထားမှုများကိုလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ တည်ဆောက်ရေး(၅) ညွှန်ကြားရေးမှူးမှ (၁၉၂၃)ခုနှစ် အဆောက်အဦး ၊ (၁၉၂၅) ခုနှစ် အဆောက်အဦး နှင့် (၁၉၂၇) ခုနှစ် အဆောက်အဦးများ မွန်းမံနေမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က ဆွေးနွေးပြောကြားရာတွင် နိုင်ငံတော် က အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုအဖြစ် လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ဘက်စုံ ထောင့်စုံမှ အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ရေမြေရာသီဥတု အခြေခံ ကောင်းများရှိသကဲ့သို့ ကြီးမားသော အိမ်နီးချင်းဈေးကွက်များ ရှိနေသည့် မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍ၏ ထုတ်လုပ်မှု မြင့်မားရေးနှင့် အရည်အသွေးကောင်း ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ကျွမ်းကျင်သော  လူသား အရင်းအမြစ်များ ယခုထက် များစွာလိုအပ်လျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ ၊ ပျဉ်းမနားမြို့နယ်အတွင်းတွင် တည်ရှိသော စိုက်ပျိုးရေးသိပ္ပံကျောင်းသည် စိုက်ပျိုးရေး ဆိုင်ရာ ပညာရပ်များကို သင်ကြားပေးခဲ့သည်မှာ နှစ်(၁၀၀)ဝန်းကျင် ရောက်ရှိခဲ့ပြီး ဖြစ် သည့် အားလျော်စွာ ဆောက်လုပ်ခဲ့သော အဆောက်အဦများသည် ရှေးဟောင်း အဆောက်အအုံများအဖြစ်လည်းကောင်း၊ သမိုင်းဆိုင်ရာ မှတ်တမ်းတစ်ခုကို ဖော်ပြပေးနိုင်သော နေရာများ အဖြစ်လည်းကောင်း စနစ်တကျ တန်ဖိုးထား ထိန်းသိမ်းရန် ကွင်းဆင်း လေ့လာမှုများ ဆောင်ရွက်ခဲ့ပြီး ရှေးဟောင်းသုတေသနဦးစီးဌာန၏ အကြံပေးချက် နှင့်အညီ  ပြုပြင်ထိန်းသိမ်း ရမည့်လုပ်ငန်းများအား ရရှိသည့် ရန်ပုံငွေပေါ်မူတည်၍ အပိုင်းလိုက်ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်ရာတွင် ရှေးမူမပျက် ဆောင်ရွက်ကြစေလိုကြောင်း မှာကြားပြီး ၊ (၁၉၂၅)ခုနှစ်က တည်ဆောက်ခဲ့သော အဆောက်အဦးအား ရှေးမူမပျက် အုပ်ကြွပ် မိုးနေမှုကိုလည်း ကောင်း၊ (၁၉၂၃)ခုနှစ်အဆောက်အဦး မွန်းမံပြုပြင်နေမှုကို လည်းကောင်း၊ မွေးမြူရေးဒီပလိုမာသင်တန်း လက်တွေ့သင်ကြားရေး ဆိတ်မွေးမြူရေးခြံ ၊ နို့စားနွားနှင့် အသားစား နွားခြံ၊ ဥစားကြက်ခြံ နှင့် ဥစားဘဲမွေးမြူထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ရောက်ရှိကြရာ ပါမောက္ခချုပ်များက ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများ စတင် လက်ခံထားရှိမှု ၊ ကျောင်းသူ ကျောင်းသား အဆောင်များ စာသင်ဆောင်များ ကျောင်းသားဦးရေ လက်ခံနိုင်မှု ပမာဏနှင့် ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ဘေးကင်းလုံခြုံစွာ သင်ကြား သင်ယူနိုင်ရေး စီမံဆောင်ရွက်ထားမှုများကို ရှင်းလင်း တင်ပြကြသည်။

          တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က မျိုးဆက်သစ် လူငယ်မောင်မယ်များ၏ အနာဂတ် ဖြောင့်ဖြူး သာယာရေး၊ လယ်ယာ ကဏ္ဍအတွက် အရေးပါသည့် ကျွမ်းကျင်သော လူသားအရင်းအမြစ်များ မွေးထုတ်ပေးရေး သင်ကြားပို့ချရာတွင် နည်းပညာ အတတ်ပညာ များ သာမက အသိပညာ နှင့် တွေးခေါ်မြော်မြင်နိုင်စွမ်း မြင့်မားရေးကိုပါ ဂရုတစိုက် ပြုစုပျိုးထောင်သွားရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

အလားတူ ကျောင်းသား ကျောင်းသူများ နှင့်တွေ့ဆုံ၍ အားပေးပြောကြားပြီး အဟာရဖြည့်စွက်စာအဖြစ် ကြက်ဥများကို ဒုတိယဝန်ကြီးက ပေးအပ်ရာ ကျောင်းသား ကျောင်းသူများက လက်ခံရယူခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများသည် တက္ကသိုလ်များ၏ ပထမနှစ်သင်တန်း ကျောင်းအပ်လက်ခံနေမှုကို လည်းကောင်း ၊ စာသင်ဆောင်များ အိပ်ဆောင်များ  စားရိပ်သာ နှင့် စာကြည့်တိုက်များ အား ကြိုတင်ပြင်ဆင် စီမံဆောင်ရွက် ထားရှိမှုများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။