သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် စံနမူနာပြ (Model) မြို့နယ်များ ဖြစ်ပေါ်လာရေး လုပ်ငန်းဆောင်ရွက်မှုညှိနှိုင်း

ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် စံနမူနာပြ (Model) မြို့နယ်များ ဖြစ်ပေါ်လာရေး လုပ်ငန်း ဆောင်ရွက်မှုညှိနှိုင်းအစည်းအဝေးကို   (၁၈-၉-၂၀၁၉)ရက်နေ့၊ နံနက် ၉ နာရီအချိန် က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရုံး အမှတ်(၁၆)၊ စုပေါင်းခန်းမတွင် ကျင်းပရာ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ငွေ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနများမှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ စံနမူနာပြ(Model) မြို့နယ်(၂၁)မြို့နယ်မှ ဦးစီးအရာရှိများနှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် က ဆွေးနွေးပြောကြားရာ၌ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်နှင့် အညီ တိုင်းဒေသကြီး/ပြည်နယ်များ ၏ သမဝါယမလုပ်ငန်းများတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် စံနမူနာပြ(Model)မြို့နယ်များ ဖြစ်ပေါ်လာစေရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ပြီး ၂၀၁၈ ခုနှစ်၊ ဇွန်လမှစတင်၍ မြို့နယ်(၂၁)မြို့နယ် ၌ စတင် ဆောင်ရွက်ခဲ့ပါကြောင်း၊ လုပ်ငန်းကာလမှာ တစ်နှစ်ကျော်ကြာမြင့်ပြီဖြစ်သည့်အတွက် အဆိုပါ လုပ်ငန်းများကို ပြန်လည်သုံးသပ်ပြီး လုပ်ငန်းစီမံချက်အတိုင်း အောင်မြင်အောင် ဆောင်ရွက် သွားဖို့ လိုအပ်ပါကြောင်း၊ လက်ရှိသမဝါယမလုပ်ငန်းများကို အရှုံးမရှိ အောင်မြင်အောင် ဆောင်ရွက်ပြီး ရရှိလာသည့်အကျိုးအမြတ်များကို သမဝါယမ အသင်းသားများ၏ လူမှုစီးပွား အထောက်အကူပေးရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ရည်မှန်းချက်အတိုင်း လုပ်ငန်းပြီးဆုံးသည်အထိ အောင်မြင်အောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။

ထို့နောက်  အစည်းအဝေးတက်ရောက်လာကြသူများက အသီးသီးဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။