စိုက်ပျိုးရေးဦးစီးဌာန က ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ရန်ကုန်မြောက်ပိုင်းခရိုင် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မူးယစ်တပ်ဖွဲ့၊ အထူးရဲအဖွဲ့ နှင့် စစ်ဘက် ဆိုင်ရာလုံခြုံရေးအဖွဲ့ တို့ပါဝင်သော ပူးပေါင်း အဖွဲ့များသည် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်၊(၆)ရပ်ကွက်၊အောင်ဇေယျCityအိမ်ယာ၊အင်းဝ(၅)လမ်း၊အမှတ်(၁၈၅)ခြံဝင်းသို့ ဝင်ရောက် စစ်ဆေးရာ အင်းလေးရတနာ ကုမ္ပဏီ လီမိတက် မှ တရားမဝင် တင်သွင်းထားသော (၂၀၀) လီတာဆံ့ ပိုးသတ်ဆေးနှင့်ပေါင်းသတ်ဆေး ပီပါ(၁၁၀)လုံး တွေ့ရှိရသဖြင့် ပိုးသတ်ဆေးဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီး ဌာန ကသိရှိရသည်။
ပိုးသတ်ဆေး ဥပဒေ အရ ဖွဲ့စည်းထားသော ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ သည် နိုင်ငံအတွင်း သုံးစွဲခွင့်ပြုမည့် ပိုးသတ်ဆေးများ၏ အာနိသင်ထိရောက်မှုရှိရန်၊ လူ့ကျန်းမာရေး နှင့် ပတ်ဝန်းကျင် အား အန္တရာယ်ရှိမှု နည်းစေရန်၊ အရည်အသွေးပြည့်မီသော ပိုးသတ်ဆေးများ တောင်သူများလက်ဝယ် အသုံးပြုနိုင် ရန်အတွက် စိစစ်၍ ပိုးသတ်ဆေးမှတ်ပုံတင် နှင့် လိုင်စင်များ ကို ကြီးကြပ်ခွင့်ပြုထုတ်ပေးလျက်ရှိသည်။
ပိုးသတ်ဆေး ဥပဒေပုဒ်မ ၃၁ အရ မည်သူမျှ မှတ်ပုံတင်အဖွဲ့၏ ခွင့်ပြုချက်မရဘဲ ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းများကို တင်သွင်းခြင်း ၊ တင်ပို့ခြင်း မပြုလုပ်ရဟု တားမြစ်ထားကြောင်း၊ ပိုးသတ်ဆေး ဥပဒေပုဒ်မ ၃၂ အရ မည်သူမျှ လိုင်စင်မရှိဘဲ ပြည်ပမှတင်သွင်းလာသော အဆိပ်ရှိပစ္စည်းကို ပိုးသတ်ဆေးအဖြစ် ဖော်စပ် ရောင်းချသည့် လုပ်ငန်း၊ ပြည်ပမှတင်သွင်း လာသော ပိုးသတ်ဆေး ကိုပြန်လည်ထုပ်ပိုး ရောင်းချသည့်လုပ်ငန်း၊ ပိုးသတ်ဆေးကို လက်လီလက်ကား ရောင်းချသည့်လုပ်ငန်းနှင့် ပိုးသတ်မှိုင်းတိုက်ခြင်း လုပ်ငန်း မပြုလုပ်ရဟု တားမြစ်ထားပြီး ပိုးသတ်ဆေးမှတ်ပုံတင် အဖွဲ့၏ စိစစ်ခွင့်ပြုချက်မရှိဘဲ ပိုးသတ်ဆေးများ တင်သွင်း၊ ဖော်စပ်ထုတ်လုပ်၊ ပြန်လည် ထုပ်ပိုး၊ ဖြန့်ဖြူးရောင်းချဆောင်ရွက် လုပ်ကိုင်ခွင့်မရှိကြောင်း နှင့် ပိုးသတ်ဆေးပုဒ်မ (၄၄)အရ တရားစွဲဆိုသော ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိ သော အမှုအဖြစ် သတ်မှတ်ထားကြောင်း သတင်းရရှိသည်။