လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန က စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်မှု အထောက်အကူပြုစီမံကိန်း(ADSP)၏ အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် Training Workshop on UAV Aerial Imaging for Surveying, Mapping and Satellite Photogrammetry အပတ်စဉ် (၁/၂၀၁၉)ဖွင့်ပွဲအခမ်းအနား ကို စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော် Great Wall Hotel ၌ ကျင်းပပြုလုပ်ရာ နေပြည်တော် ကောင်စီဝင် ဦးအေးမောင်စိန် တက်ရောက်အားပေးပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလွှမ်းမိုး က သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင်၊ နှင့် ညွှန်ကြားရေးမှူးများ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်း နည်းပြများ၊ သင်တန်းသား သင်တန်းသူ (၁၅)ဦးတို့ တက်ရောက်ကြသည်။
လယ်ယာကဏ္ဍဆိုင်ရာ စာရင်းအင်း သတင်းအချက်အလက်များနှင့် မြေအသုံးချမှု ဆိုင်ရာ စာရင်းအင်းအချက်အလက်များ ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်၏ ကွင်းဆင်းပြုစု ထုတ်ပြန်ခြင်း တွင် ယခင်အအသုံးပြုခဲ့သည့် Paper Map များနေရာတွင် Digital ကွင်းမြေပုံများဖြင့် အစားထိုးဆောင်ရွက်ခြင်းများကို ဘဏ္ဍာနှစ်အလိုက် စီမံချက်ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Digital ကွင်းမြေပုံများ အဖြစ် ပြောင်းလဲရန်အတွက် အချိန်၊ လုပ်အားနှင့် ငွေကြေးကုန်မှုသက်သာစေသည့် Unmanned Aerial Vehicle System(UAV or UAS) နည်းစနစ်သုံး Survey Grade Drone များဖြင့် တိုင်းတာသည့် နည်းပညာများ ဌာနအတွင်း ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် ဌာနမှ ဝယ်ယူရေးဆွဲနေရသည့် Satellite Imagery များ၏နေရာတွင် Drone များဖြင့် ရိုက်ကူး၍ Photogrammetry နည်းပညာဖြင့် ပုံထုတ်ထားသည့် High Resolution Orthophoto များ၊ Digital Elevation Model(DEM), Digital Surface Model(DSM), Geospatial Data များဖြင့် အစားထိုးပြီး ရာသီအလိုက် စိုက်ပျိုးသီးနှံများ၏ စိုက်ဧရိယာများကို GIS, Remote Sensing နည်းပညာများ ဖြင့် အချိန်နှင့်တပြေးညီ စောင့်ကြည့် မှတ်တမ်းတင်နိုင်မည် ဖြစ်ကြောင်း၊ ယနေ့ သင်တန်းမှရရှိမည့် UAV, UAS နည်းပညာများ၊ Photogrammetry နှင့် Cartography ဆိုင်ရာ နည်းပညာများ၊ ဌာနမှဆောင်ရွက်နေသည့် ကွင်းမြေပုံများကို Digital ကွင်းမြေပုံ များအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရေးများ၊ ရာသီအလိုက် စိုက်ပျိုး သီးနှံများ၏ စိုက်ဧရိယာ များကို စောင့်ကြည့် မှတ်တမ်းတင်ခြင်းလုပ်ငန်းများနှင့် အရေးပေါ် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများတွင် Updated Digital မြေပုံများ နှင့် Geospatial Data များ အသုံးပြုပြီး GIS, Remote Sensing နည်းပညာများနှင့်အတူ မှန်ကန်လျင်မြန်စွာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလွှမ်းမိုး က ပြောသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်(လယ်ယာကဏ္ဍ) ဦးအေးမောင်စိန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူတို့က သင်တန်းဖွင့်ပွဲ အမှတ်တရဓာတ်ပုံ ရိုက်ကူးကြပြီး UAV များဖြင့် လက်တွေ့ပျံသန်း သရုပ်ပြခြင်းများကို ကြည့်ရှုအားပေးကြသည်။
ကမ္ဘာ့ဘဏ်အထောက်အပံ့ဖြင့် ဆောင်ရွက်နေသော စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်မှု အထောက်အကူပြုစီမံကိန်း(ADSP)ကို (၂၀၁၅-၂၀၁၆) ခုနှစ်မှ (၂၀၂၀-၂၀၂၁) ခုနှစ်အထိ စီမံကိန်းကာလ(၇)နှစ်ဖြင့် ဆောင်ရွက်လျှက်ရှိပြီး စီမံကိန်းဆည်ရေသောက် ဧရိယာအတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှုစွမ်းအား မြှင့်တင်ခြင်းနှင့် တောင်သူတစ်ဦးချင်း ဝင်ငွေ တိုးတက်စေရေး၊ အိမ်ထောင်စုပေါင်း(၂၅၀၀၀) နှင့် ဆည်ရေသောက်လယ်ယာမြေ (၈၆၀၀၀)ဧကကို တိုက်ရိုက်အကျိုးပြုနိုင်ရန်အတွက် ဝန်ကြီးဌာနအောက်ရှိ ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန သည် မြေယာမှတ်တမ်းများ စီမံ ခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်စေရေး၊ ဒစ်ဂျစ်တယ် ကွင်းမြေပုံများ ထူထောင်ခြင်းလုပ်ငန်း၊ တောင်သူတစ်ဦးချင်း လုပ်ပိုင်ခွင့်ရ ဧရိယာစာရင်းများ၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှု အခြေ အနေ ကွင်းဆင်းကောက်ယူမှတ်တမ်းပြုစုခြင်းလုပ်ငန်း၊ စီမံကိန်းအထောက်အကူပြု သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ADSP စီမံကိန်း ပထမအဆင့်တွင် နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ရှိ ဆင်သေဆည်ရေသောက်စနစ်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် ခရိုင်၊ စဉ့်ကူးမြို့နယ်ရှိ မာလဲနတ်တောင်ဆည်ရေသောက်စနစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်တို့ရှိ မြောက်ယမားဆည်ရေသောက် စနစ်နှင့် ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့ရှိ ဆွာချောင်းဆည်ရေ သောက်စနစ်တို့ရှိ စီမံကိန်းဧရိယာများတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ် သည်။
ADSP စီမံကိန်း ဒုတိယအဆင့်တွင် နေပြည်တော်ရှိ ငလိုက်ဆည်ရေသောက်စနစ်၊ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်နှင့်စဉ့်ကိုင်မြို့နယ်တို့ရှိ ဇီးတောရေလွှဲဆည်ရေသောက်စနစ်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဒိုက်ဦးမြို့နယ်ရှိ ဘောနီ ဆည်ရေသောက်စနစ်၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်နှင့် လက်ပံတန်းမြို့နယ်တို့ရှိ သဲကောဆည်ရေသောက်စနစ်တို့ကို (၂၀၁၉-၂၀၂၀)ခုနှစ်တွင် ဆောင်ရွက်သွားမည်ဖြစ် သည်။
ယနေ့ကျင်းပပြုလုပ်သည့် Training Workshop on UAV Aerial Imaging for Surveying, Mapping and Satellite Photogrammetry အပတ်စဉ် (၁/၂၀၁၉) သင်တန်းကို စက်တင်ဘာ(၂)ရက်နေ့မှ စတင်ကာ (၁၁)ရက်ကြာ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။