ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ကျိုင်းခမ်း ရေလှောင်တမံ ဘက်စုံစီမံကိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ညွှန်ကြားရေးမှူးချုပ်များ နှင့်အတူ စက်တင်ဘာလ ၂ရက်နေ့ နေ့လယ်ပိုင်းတွင် ကျိုင်းခမ်း ရေလှောင်တမံဘက်စုံစီမံကိန်း သို့ရောက်ရှိကြပြီး စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

        စီမံကိန်းရှင်းလင်းဆောင်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင် နှင့် တာဝန်ရှိသူများ က ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေ နှင့် စီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ၂၀၂၁  – ၂၀၂၂ ခုနှစ်တွင် စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးရေး ဆောင်ရွက်မည့် အစီအစဉ်များအား အသေးစိတ် ရှင်းလင်းတင်ပြကြသည်။

        တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးမှာကြားရာ၌ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် လယ်ယာသားငါးကဏ္ဍတစ်ခုလုံး သိသာစွာဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် အားလုံးပါဝင်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့် ရေရှည် တည်တံ့သော လက်ယာထုတ်လုပ်မှုစနစ် ထွန်းကားစေခြင်းဖြင့် စားနပ် ရိက္ခာဖူလုံ၍ အာဟာရ ပြည့်ဝစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မား လာစေရန်နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရန် ရည်မှန်းချက် ထားရှိဆောင်ရွက် လျက်ရှိသကဲ့သို့ ရေသယံဇာတ၊ မြေသယံဇာတများ ကို ဖော်ထုတ်၍ အကျိုးရှိထိရောက်စွာ အသုံးပြုရန် ကိုလည်း စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက် ရှိရာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရရှိ အသုံးပြုသည့် ရန်ပုံငွေနှင့် လုပ်ငန်း ပြီးစီးမှု အချိုးညီမျှစေရန်၊အရည်အသွေးပြည့်မီစွာဖြင့်သတ်မှတ် ကာလပြီးစီးရန်တို့ကို တာဝန်ရှိသူအသီးသီးတို့က ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်းဆွေးနွေး ပြောကြား သည်။

        ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် တမံတည်ဆောက်ပြီးစီးမှုအပိုင်းနှင့် ဆက်လက်တည်ဆောက်ခြင်းလုပ်ငန်း ၊ နမ့်အက်ချောင်း အတွင်း ရေစီးဝင်နေမှု၊ တည်ဆောက် ပြီးစီးသော ရေပိုလွှဲ အဆောက်အအုံကိုလည်းကောင်း၊ ဆက်သွယ်မြောင်း တူးဖော်ခြင်းလုပ်ငန်း များအား လှည်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။

        ၂၀၀၅၂၀၀၆   ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သော ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံ စီမံကိန်း သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျိုင်းခမ်းရွာ အနီး   နမ့်အက်ချောင်း ပေါ်တွင်တည်ရှိပြီး တမံအမြင့် ၁၅၄ ပေ၊ တမံအလျား ၁၄၁၀၀ ပေရှိပြီး မြေသားတမံ အမျိုးအစားဖြစ်ကာ ကန်ရေပြည့်ရေလှောင်ပမာဏ ၃၄၅၃၅၀ ဧကပေ၊ ကန်ရေသေ ရေလှောင်ပမာဏ ၃၁၅၀၀ ဧကပေ ထိန်းသိမ်း သိုလှောင် နိုင်မည်ဖြစ်သည်။ အဆိုပါဒေသတွင် နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၅၀လက်မ ရှိကာ ပျမ်းမျှ စီး၀င်ရေ ၃၅၁၇၀၀ ဧကပေရှိသဖြင့် သိုလှောင်ရေ သေချာမှုရှိသော ဒေသတစ်ခုဖြစ်သည်။

        ကျိုင်းခမ်းရေလှောင်တမံ တည်ဆောက်ပြီးပါက ဒေသအတွက် လျှပ်စစ်ဓာတ်အား ()မဂ္ဂါဝပ် ထုတ်လွှတ်ပေးနိုင်မည့်အပြင် အောက်ဘက်ရှိ တည်ဆောက်ပြီး ဇော်ဂျီ ရေလှောင် တမံ သို့ နန့်မေလျန်ချောင်းမှ တစ်ဆင့် ရေကူဖြည့်တင်းပေးနိုင်မည်ဖြစ်ပြီး ဇော်ဂျီရေလှောင်တမံမှ ရေအားလျှပ်စစ် ဓာတ်အား(၁၂)မဂ္ဂါဝပ် (၆မဂ္ဂါဝပ်x၂လုံး)ဖြင့် နှစ်စဉ်ပျမ်းမျှလျှပ်စစ်စွမ်းအား (၃၀)ကီလိုဝပ် နာရီသန်းပေါင်းထက် ပိုမို၍ တိုးမြှင့် ထုတ်လွှတ်ပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် ဇော်ဂျီရေလှောင် တမံ မှ အသုံးပြု ထုတ်လွှတ် ရေ ကို မြို့ကြီးရေလှောင်တမံသို့ ဇော်ဂျီမြစ်မှတစ်ဆင့် ဆက်လက် ဖြည့်တင်း ပေးနိုင်မည်ဖြစ်၍ မြို့ကြီးရေလှောင်တမံအနေဖြင့်လည်း ရေအားလျှပ်စစ် တပ်ဆင် ဓာတ်အား(၃၀)မဂ္ဂါဝပ် (၁၅မဂ္ဂါဝပ်x၂ လုံး)ဖြင့်နှစ်စဉ်ပျမ်းမျှ လျှပ်စစ်စွမ်းအား (၁၃၅.၇၀) ကီလိုဝပ် နာရီသန်းပေါင်းထက် ပိုမိုတိုးမြှင့် ထုတ်လွှတ်ပေးနိုင်ခြင်းနှင့်အတူ မိတ္ထီလာ လွင်ပြင် စိမ်းလန်းစိုပြည် ရေးကိုလည်းအထောက်အကူပြုစေမည်ဖြစ်သည်။