ဦးစီးဌာနသတင်းများ

ကျေးရွာသစ်လှုပ်ရှားမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၀)သင်တန်းဖွင့်ပွဲ ကျင်းပ

          ကျေးရွာသစ်လှုပ်ရှားမှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၀) သင်တန်းဖွင့်ပွဲ အခမ်းအနား ကို ဇန်နဝါရီလ(၇)ရက်နေ့ နံနက် (၈)နာရီခွဲအချိန်က ရေဆင်း ရှိ စိုက်ပျိုးပညာပေးရေး နှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ကျင်းပရာ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို၊ သင်တန်းကျောင်း တာဝန်ခံ ဒေါက်တာညီညီ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။

          အခမ်းအနား တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို က အဖွင့် အမှာစကားပြောကြားရာ၌ ကျေးရွာ ၁၁၀ ရွာတွင် ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်းများကို ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလအထိ ဆောင်ရွက်မှာဖြစ်ပြီး ကျေးရွာများအနေဖြင့် ကျေးရွာခေါင်းဆောင်များ၏ဦးဆောင်လမ်းပြမှု ကောင်းမွန်ခြင်းနှင့် ကျေးရွာလူထု၏ စိတ်ဓာတ်တက်ကြွစွာ ပါဝင်လုပ် ကိုင်မှုတို့ကြောင့် အောင်မြင်မှုများ ရရှိနေပြီဖြစ်ကြောင်း၊  ကျေးရွာသူ၊ ကျေးရွာသားများ၏ စိတ်ဓာတ်မြှင့်တင်ရေး၊ အရည်အသွေးမြင့်မားရေး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးများကို AERDTC သင်တန်းကျောင်းမှာ သင်တန်းပေး လျှက်ရှိကြောင်း၊ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း၏ စိတ်ဓာတ် သုံးရပ်နှင့်အတူ ကျေးရွာသူ ကျေးရွာသားများ ဝင်ငွေတိုးပွားရေး၊ လူနေမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုး တက်ရေးနှင့် စွမ်းဆောင်ရည်မြင့်မားရေး ဟူသော လုပ်ငန်းသုံးရပ်ကိုလည်း အဓိကထားဆောင် ရွက်ရမှာဖြစ်ကြောင်း၊ ယနေ့သင်တန်းတက်လာကြသော ကျေးရွာခေါင်းဆောင်များ အနေဖြင့် ခေါင်းဆောင်ပီသစွာဆောင်ရွက်နိုင်ရေး၊ ကျေးရွာလူထုကိုစည်းရုံးပြီး မိမိတို့ ကျေးရွာ ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တက်ညီလက်ညီ ဆောင်ရွက်နိုင်ရေးအတွက်  ကြိုးစားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းကျောင်းတာဝန်ခံ ဒေါက်တာညီညီ က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပြီး စုပေါင်းပြီး အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးကာ  ဖွင့်ပွဲအခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန က အကောင် အထည်ဖော်ဆောင်ရွက်လျှက်ရှိသော မြန်မာဆယ်မာအူးလ်အွန်ဒုန်စီမံကိန်းအရ နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်တွင် ဖွင့်လှစ်သည့် စိုက်ပျိုးပညာပေးရေး နှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း တွင် ကျေးရွာဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာ နည်းပညာသင်တန်းများကို ပို့ချပေးလျက်ရှိသည်။

ယခုဖွင့်လှစ်သည့် ကျေးရွာသစ်လှုပ်ရှားမှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၀) သို့ စစ်ကိုင်းတိုင်းဒေသကြီး၊  မြို့နယ်(၁၀)မြို့နယ် မှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး (၁၀)ဦး နှင့် ကျေးရွာပေါင်း(၁၀)မှ ကျေးရွာခေါင်းဆောင် (၇၀)ဦး  စုစု ပေါင်း (၈၀)ဦး တက်ရောက် လေ့လာလျက်ရှိပြီး သင်တန်းကို ဇန်နဝါရီလ (၇)ရက်နေ့မှ (၁၁)ရက်နေ့အထိ ၅ ရက် ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။