စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် အတူ အောက်တိုဘာလ ၁၉ ရက်နံနက်၉ နာရီအချိန်က နေပြည်တော်ပြည်ထောင်စုနယ်မြေ တပ်ကုန်းမြို့နယ်၊အေးချမ်းသာစံပြကျေးရွာ ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်းလုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးအားပေးသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျော့ချရေးပူးပေါင်းဆောင်ရွက်မှုစင်တာ (IPRCC)တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကျေးရွာအဆင့် ဆင်းရဲမှု လျော့ချရေး စံပြစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန် ၂၀၁၆ခုနှစ်တွင် နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ၂၀၁၇ခုနှစ် နိုဝင်ဘာလတွင် နှစ်နိုင်ငံသဘောတူညီချက် စာချွန်လွှာ ကို လက်မှတ်ရေး ထိုးနိုင်ခဲ့သည်။
အဆိုပါစီမံကိန်းအနေဖြင့် ကျေးရွာသူ ကျေးရွာသားများ ၏ အသေးစား အခြေခံအဆောက်အအုံနှင့် ပြည်သူ့ဝန်ဆောင်မှုများ ရယူသုံးစွဲ နိုင်ခွင့် မြင့်မားလာစေရန်၊ ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးမွေးမြူရေး နည်းပညာများ အသုံးပြု၍ ဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်နိုင်ရန်၊ ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ အသိပညာများ မြင့်မားလာပြီး လက်တွေ့အသုံးချဆောင်ရွက်နိုင်ရန် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ ဒေသခံများ အသင်းအဖွဲ့များ ကျေးရွာအဖွဲ့အစည်းများ၏ ကိုယ်တိုင်စီမံအုပ်ချုပ်မှုစွမ်းရည်နှင့် အစိုးရဝန်ထမ်းများ၏စွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်၊ လေ့လာရေးများ၊ နှီးနှောဖလှယ်ပွဲများမှ တဆင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ အတွေ့အကြုံများမျှဝေဖလှယ်နိုင်ရေး လုပ်ငန်းများလည်းပါဝင်ကြောင်း သိရှိရသည်။
တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြကျေးရွာ ၌ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေး စံပြစီမံကိန်းလုပ်ငန်းအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ က ယင်မင်ဘီယွမ် ၃၃.၃၃သန်း ထောက်ပံ့ခဲ့ပြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန က တာဝန်ယူ ဆောင်ရွက်နေမှုအပေါ် စီမံကိန်းလုပ်ငန်းများ ၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား ဒုတိယဝန်ကြီး ဦးလှကျော် နှင့် တာဝန်ရှိသူများက ယနေ့ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခြင်းဖြစ်ကြောင်း၊
ကွင်းဆင်းစစ်ဆေးအားပေးစဉ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဉီးခန့်ဇော် နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းမှာကြားခဲ့ပြီး ကျေးရွာရပ်မိ ရပ်ဖများ ဒေသခံ အသင်းအဖွဲ့များ ကျေးရွာအဖွဲ့အစည်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။