စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် ဆင်တပ်ကျေးရွာရှိ ဆင်မင်းလယ်ယာ နှင့် အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူများနှင့် ဒေသခံ တောင်သူများအတွက် လယ်ယာမြေထွန်ယက်ခြင်းလုပ်ငန်းကို အသင်းပိုင် ကူဘိုတာထွန်စက်၊ လက်တွန်းထွန်စက်များဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယင်းသို့ ထွန်ယက်ပေးရာတွင် ဒေသပေါက်စျေး တစ်ဧကလျှင် ထွန်ယက်ခ ငွေကျပ်(၁၇၀၀၀)နှုန်းရှိသော်လည်း အသင်းသားနှင့် ဒေသခံတောင်သူများ သက်သာရေး အတွက် တစ်ဧကလျှင် ငွေကျပ်(၁၃၀၀၀)နှုန်းဖြင့် ဈေးနှုန်း လျှော့ချ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့ပြင် ဆင်မင်းလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းအနေဖြင့် အသင်းပိုင် ထွန်စက်၊ လက်တွန်းထွန်စက်များဖြင့် ထွန်ယက်ပေးခြင်းလုပ်ငန်းအပြင် အခြေခံ စားကုန် များ ရောင်းချပေးခြင်းလုပ်ငန်း၊ လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ အသင်းပိုင် ငွေဖြင့် စိုက်ပျိုး စရိတ် ထုတ်ချေးခြင်းလုပ်ငန်း၊ လယ်ယာသွင်းအားစု ရောင်းချခြင်း လုပ်ငန်းများ ကိုပါ အသင်းသား တောင်သူနှင့် ဒေသခံတောင်သူများအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။