ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကရင်ပြည်နယ် ငြိမ်းချမ်းရေး နှင့် ဒေသဖွံ့ဖြိုးရေး အထောက်အကူပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နိုင်ငံတော် ၏ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ၌ နိုင်ငံတော်အစိုးရ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကရင်အမျိုးသား အစည်း အရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ၊ ငြိမ်းချမ်းရေးကောင်စီ ဦးဆောင် သည့် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် မိသားစုများ ၏ အသက်မွေးဝမ်းကျောင်းနှင့် ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးနိုင်ရန် ကရင်ပြည်နယ် မြဝတီမြို့ ၌ ရောက်ရှိ နေသော စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်/မွေး/ဆည်ဝန်ကြီး ဦးစောမြင့်ဦး ၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော် ၊ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ နှင့်အတူ နိုဝင်ဘာလ ၁၇ ရက် နံနက်ပိုင်းက ကော့ကရိတ် မြို့နယ် နော်တယာ ရှိ KNU/KNLA-PC ဗဟိုဌာနချုပ် သို့ သွားရောက်ကြပြီး ငြိမ်းချမ်းရေးကောင်စီ အကြီးအကဲများ၊ တပ်ဖွဲ့ဝင်များ၊ ဒေသနေပြည်သူများအား တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက် ရေး၊ စစ်မှန်သော ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ပေးနိုင်မည့် အခွင့်အလမ်းများအား ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ငြိမ်းချမ်းရေးကောင်စီ ဒုတိယအကြီးအကဲ ဦးစောဖိုးထော်လေး က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါက အဘက်ဘက်က ဖွံ့ဖြိုးမှုနောက်ကျကျန်ရစ်ခဲ့သည်ကိုတွေ့မြင်ရမှာဖြစ်ကြောင်း၊ အဆိုပါ အ‌ခြေအနေသည် ပြည်တွင်းငြိမ်းချမ်းရေး မရရှိခဲ့သည့် အကြောင်းတရားအား များစွာ အခြေခံသည်ကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော် ၏ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ၌ နိုင်ငံတော်အစိုးရ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ၊ ငြိမ်းချမ်းရေးကောင်စီ ဦးဆောင် သည့် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ အား အထူး ဂုဏ်ယူ အပ်ပါကြောင်း၊ မိမိတို့အစိုးရ တာဝန်ယူ ခဲ့သည့် ၂၀၁၆ -၂၀၁၇ မှစတင်၍ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်မိသားစုများ၏ စားဝတ်နေရေးကို အထောက်အကူ ဖြစ်စေရန်နှင့် ရေရှည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထူထောင် လုပ်ကိုင်နိုင်ရေး အတွက်  စိုက်ပျိုး မွေးမြူရေး ဆိုင်ရာ နည်းပညာသင်တန်းများပို့ချပေးခြင်း၊ လိုအပ်သော မျိုး နှင့် သွင်းအားစုများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေး နိုင်ခဲ့ပါကြောင်း၊

ယင်း လုပ်ငန်းများအတွက် ကြိုးပမ်းပေးခဲ့ကြသည့် သက်ဆိုင်ရာ ဝန်ထမ်းများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်၍လည်း ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် မိသားစုများ အပါအဝင် ဒေသနေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ အတွက် လိုအပ်သော အကူအညီများပံ့ပိုးပေးနိုင်ရန် မိမိဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေး အတွက် ယခုခရီးစဉ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ နှင့် တိုက်ရိုက်သက်ဆိုင်သည့် ဦးစီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ မိမိနှင့်အတူ လိုက်ပါခဲ့ကြပါကြောင်း၊ ဒေသ၏ လိုအပ်ချက်အပေါ် ပြည်ထောင်စုရန်ပုံငွေ နှင့် ပြည်နယ် ရံပုံငွေများမှ ခွင့်ပြုထားသည့် ပမာဏအတွင်းမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါရန်ပုံငွေများတွင် မပါဝင် သေးသော်လည်း ဒေသနေ ပြည်သူများ၏ လတ်တလော လိုအပ်ချက် ရှိနေသည့် အခက်အခဲများကို မိမိတို့ ဝန်ကြီး ဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် “စေတနာ မျှဝေခြင်း အစီအစဉ်” မှ ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် မိသားစုများ နှင့် ဒေသနေပြည်သူများ အားလုံးတို့က မိမိတို့ဒေသဖွံ့ဖြိုးရေး နှင့် ထာဝရ ငြိမ်းချမ်းရေးတို့အတွက် ဆက်လက်ကြိုးပမ်းပေးကြ ပါရန်တိုက်တွန်းပါကြောင်း ပြောကြား သည်။

ထို့နောက် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် မိသားစုများ ကိုယ်စား ဒေါက်တာ နော်ကပေါ်ထူး က လက်ရှိ လုပ်ကိုင် ဆောင်ရွက် နေသော စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ၊  မြေယာ အသုံးပြုမှုအတွက် တရားဝင်ခွင့်ပြုချက် လျောက်ထားနိုင်ရေး၊ စိုက်ပျိုးရေ နှင့် သောက်သုံးရေ ရရှိရေးအတွက် ရှိပြီးရေအရင်းအမြစ်များအား စီမံ ဆောင်ရွက်ပေး နိုင်ရေး၊ ချောင်းကော မြောင်းကောများ ပြုပြင်ပေးနိုင်ရေး နှင့် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် မိသားစုများ၏ လက်ရှိ စားဝတ်နေရေးအခြေအနေများကို လည်းကောင်း၊

ဦးစောစိုးဝင်း က စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းပညာ ၊ သီးနှံမျိုး နှင့် လိုအပ်ချက်များကိုလည်းကောင်း၊ ဦးစောထဲဒီ က ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက် များ ကို လည်းကောင်းဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ပြန်လည် ဆွေးနွေးရာတွင် စက်မှုလယ်ယာမြေများ ဖော်ထုတ်ပေး နိုင်ရေး အတွက် သင့်တော်သည့် မြေနေရာ ရှာဖွေ ဖော်ထုတ် ရန် ကူညီဆောင်ရွက်ပေး နိုင်မည့် အခြေအနေများ၊ အချို့သော ကိစ္စ ရပ်များအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ နှင့် ချိတ်ဆက် ညှိနှိုင်းပြီး အကူ အညီရရှိနိုင်ရေးကြိုးပမ်းပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ သည်။

တွေ့ဆုံပွဲ အပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်မိသားစုများနှင့် စုပေါင်းအမှတ်တရ ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ပတချောင်း အား ပြန်လည် ဆည်ယူရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံ ခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် က ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီး က ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဦးစားပေးလုပ်ငန်းပိုင်းအလိုက် ဆောင်ရွက်ရေးလမ်းညွှန်မှာကြားသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဘားအံမြို့နယ် နတ်ကျွန်း ကျေးရွာ ၊ ဖနစ်အင်း နှင့် နောင်ပတုပ်အင်း အနီးတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးမြေ စားကျက်မြေများ စနစ်တကျအသုံးပြုနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေး ခဲ့သည်။

နိုင်ငံတော် ၏ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ၌ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် KNU/KNLA-PC(ထို့ကော်ကိုး)သို့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မွေးမြူရေးလုပ်ငန်း အတွက် ပျားအိမ် အလုံး၅၀၊ မျိုးပွားအုံ အလုံး ၅၀ ၊ ပျားရည်ထုတ် စက် ၁ လုံး၊ ပျားဖယောင်း အခြေခံပြား ၂၅၀၊ ပျားသလပ်အချပ် ၂၅၀၊ နွား ဆိတ် ဝက် ၁၀ကောင်စီ ၊ ဥစားကြက် အကောင် ၁၀၀၀ ကိုလည်းကောင်း၊ စိုက်ပျိုးရေးလုပ်ငန်း အတွက် မြေဆီလွှာ ဓါတ်ခွဲ စစ်ဆေးခြင်း ၄ နေရာ ၊ ဝဥ ကျွဲကော ကော်ဖီ နနွင်း ၃ ဧက စီ နှင့် နဂါးမောက် ၁.၅ဧက တို့ကို ထောက်ပံ့ ပေးနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ် တွင် ဆင်းသုခမျိုးစပါးတင်း ၁၅၀၊ ၂၀၁၇ခုနှစ် တွင် ဆင်းသုခမျိုးစပါးတင်း ၁၀၀ ၊ ၂၀၁၈ခုနှစ်တွင် ဆင်းသုခမျိုးစပါးတင်း ၁၀၀ နှင့် ကော်ဖီပျိုးပင် ၄၀၀၀ ကို လည်းကောင်း နှစ်အလိုက်ဆောင်ရွက်ပေးခဲ့သည်။

နည်းပညာပေးလုပ်ငန်းများအဖြစ် မှိုမျိုးကောင်းမျိုးသန့် ပွားများထုတ်လုပ်နည်း သင်တန်း၊ မြေဆီလွှာနှင့်မြေသြဇာများအကြောင်း နှင့် မြေဆီလွှာထိန်းသိမ်းခြင်း သင်တန်း၊ မိသားစု အိမ်ခြံဝင်းအတွင်း တပိုင်တနိုင် စိုက်ပျိုးလုပ်ကိုင်နိုင်မည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးနည်းပညာ ဆွေးနွေးပွဲများ၊ ဘက်စုံသီးနှံ ကာကွယ်ရေးနည်းပညာပေး ဆွေးနွေး ပွဲများ၊  ရာသီဥတုနှင့် လိုက်လျောညီထွေသော စိုက်ပျိုးနည်းစနစ်ဆိုင်ရာများ ဆွေးနွေးပွဲများ ၊ GAP ကျင့်စဉ် နှင့် စိုက်ပျိုးနည်း ပညာများ၊ ရိတ်သိမ်းချိန်လွန်နည်းပညာ ဆိုင်ရာ ဆွေးနွေး ပွဲများ ကျင်းပပေးခဲ့ပြီး စိုက်ပျိုးရေးဆိုင်ရာ အသိပညာများဖြန့်ဝေပေးပြီးဖြစ်ကြောင်း သိရှိရသည်။