ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

လက်တွေ့အသုံးချမြေယာစီမံခန့်ခွဲမှု အခြေခံသဘောတရားများစာအုပ် ဖြန့်ဝေ

              စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလွှမ်းမိုး { ဦးမိုဃ်း (လယ်ဝန်)} ရေးသားပြုစုသည့်  လက်တွေ့အသုံးချ မြေယာစီမံခန့်ခွဲမှု အခြေခံသဘော တရားများ စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို မတ်လ ၁၈ ရက် နံနက် ၁၀ နာရီ အချိန်က နေပြည်တော် ရုံးအမှတ် ၁၅ ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့  ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။

             စာအုပ်မိတ်ဆက်ပွဲအခမ်းအနားတွင်           ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ က ဂုဏ်ပြုအမှာစကား ပြောကြားရာ၌  ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်ရေး အတွက် ကြိုးစားဆောင်ရွက် နေချိန် တွင် လက်တွေ့ ဆောင်ရွက် နေရသော နယ်ပယ် အသီးသီးမှ တာဝန်ရှိ သူများသည် မြေယာစီမံခန့်ခွဲမှု အခြေခံသဘောတရားများကို သိရှိ နားလည်ပြီး လက်တွေ့ အသုံးချနိုင်မှသာ တနည်းအားဖြင့် ပြည်သူလူထုများ ကြုံတွေ့နေရသည့်  မြေယာ ပြဿနာ အခက်အခဲများကို အောင်မြင်စွာဖြေရှင်း ဆောင်ရွက် ပေးနိုင်မှသာ နိုင်ငံတော်ကို အမှန် အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊

အများပြည်သူတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် မြေယာ စီမံခန့်ခွဲမှုကိစ္စရပ်များသည် အလွန်ကျယ်ပြန့်၍ စိန်ခေါ်မှုများစွာရှိသဖြင့် အဆိုပါ စိန်ခေါ် မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် မြေယာသယံဇာတများကို မှန်ကန်စွာ စီမံဆောင်ရွက် သွားနိုင်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ အောင်မြင် သော မြေယာစီမံခန့်ခွဲမှုတစ်ရပ် ရရှိနိုင်ရေးအတွက် အားထုတ်ကြိုးပမ်း ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်တို့၏ကျွမ်းကျင်မှုမြင့်မားလာစေရန် စဉ်ဆက်မပြတ်လေ့လာခြင်း၊ လက်ဆင့်ကမ်းမျှဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုကဲ့သို့ လက်တွေ့အသုံးချ အခြေခံသဘော တရားများ ပါဝင်သည့် မြေယာစီမံခန့်ခွဲမှု အကျိုးပြု စာအုပ်ကောင်း ထွက်ပေါ်လာခြင်း ကို ကြိုဆိုဂုဏ်ပြုပါကြောင်း ပြောကြားသည်။              ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလွှမ်းမိုး {ဦးမိုဃ်း(လယ်ဝန်)} က လက်တွေ့အသုံးချ မြေယာစီမံခန့်ခွဲမှု အခြေခံ သဘော တရားများ စာအုပ်ဖြစ်ပေါ်လာပုံနှင့် မြေယာခန့်ခွဲမှုများတွင် လက်တွေ့ အသုံးချနိုင်မှု တို့ကိုရှင်းလင်း တင်ပြသည်။              ထို့နောက် ဒုတိယဝန်ကြီး ဦးလှကျော် ဂုဏ်ပြုစကား ပြောကြားပြီး စာအုပ် မိတ်ဆက်ပွဲ အခမ်းအနား ကိုရုပ်သိမ်းခဲ့သည်။

လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနသည် မြေယာစီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စရပ်များတွင်  နှစ်ပေါင်း များစွာ အစဉ်တစိုက် ကြိုးပမ်းအားထုတ်ခဲ့သည့် နည်းတူ လက်ရှိအခြေအနေတွင်လည်း မြေယာပြဿနာများကို ဖြေရှင်းဆောင်ရွက်ရာ၌ အဓိက ကျသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးရလျက်ရှိနေသဖြင့် ဒုတိယညွှန် ကြား ရေး မှူးချုပ် ဦးလွှမ်းမိုး က ၎င်း၏လက်တွေ့ လုပ်ငန်းခွင် အတွေ့ အကြုံများ နှင့် နည်းပညာရပ် ဆိုင်ရာဗဟုသုတများကို ပေါင်းစပ်၍ ရေးသားပြုစုထား သည့်  “လက်တွေ့အသုံးချ မြေယာ စီမံခန့်ခွဲမှု အခြေခံ သဘောတရားများ” စာအုပ် သည် ဖတ်ရှုသူတိုင်း လွယ်ကူစွာ သိရှိ နားလည်နိုင်ပြီး လက်တွေ့ပြန်လည် အသုံးချ နိုင်မည့်  စာအုပ်ကောင်း တစ်အုပ် ဖြစ်၍ နိုင်ငံ၏မြေယာခန့်ခွဲမှုများတွင် အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။