ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

အစားအစာ ဘေးကင်းလုံခြုံမှုမှတဆင့် ဥယျာဉ်ခြံသီးနှံများ၏ တန်ဖိုး ကွင်းဆက် မြှင့်တင်ရေးစီမံကိန်း နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး

                 စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ မတ်လ ၁၈ ရက် မွန်းလွဲ ၁ နာရီ အချိန်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA Myanmar ရုံးမှ တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွါတော့မည့် Chief Representative ဖြစ်သူ Mr. KARASAWA Masayuki နှင့် Chief Representative အဖြစ် စတင်တာဝန် ထမ်းဆောင်မည့် Mr. SAKAKURA Noriji တို့အား နေပြည်တော် ရုံးအမှတ် ၁၅ ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့်  JICA Myanmar ရုံးမှ Chief Representative Mr. SAKAKURA Noriji တို့က စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် JICA တို့ ပူးပေါင်းဆောင်ရွက်မည့် နည်းပညာအထောက်အပံ့ စီမံကိန်းတစ်ခုဖြစ်သည့် အစားအစာ ဘေးကင်းလုံခြုံမှုမှတဆင့် ဥယျာဉ်ခြံသီးနှံများ၏ တန်ဖိုးကွင်းဆက်မြှင့်တင်ရေးစီမံကိန်း နားလည်မှုစာချွန်လွှာ အား လက်မှတ်ရေးထိုး ခဲ့ကြသည်။              ၂၀၂၀ပြည့်နှစ် မတ်လ မှ ၂၀၂၄ခုနှစ် မတ်လအထိ ၄ နှစ်တာကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် နှင့် ရှမ်းပြည်နယ် ကလောမြို့နယ်များတွင် ဆောင်ရွက်မည့် အဆိုပါ စီမံကိန်းအရ သတ်မှတ်ဧရိယာအတွင်း ရွေးချယ်ထားသည့် တောင်သူအစုအဖွဲ့များ အား စိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများတိုးတက်စေရေး နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင် ပေးခြင်းလုပ်ငန်းများပါဝင်မည်ဖြစ်ကာ အခြေခံ စာရင်းများ ကောက်ခံခြင်း၊ ဟင်းသီး ဟင်းရွက် သီးနှံတန်ဘိုးကွင်းဆက်တိုးတက်ရေးနှင့် သက်ဆိုင်သော စိုက်ပျိုး ထုတ်လုပ်မှု ဆိုင်ရာ လုပ်ငန်း များ နှင့် ပါဝင်လုပ်ကိုင်သူများကို အင့်အားတောင့်တင်းစေရန် ဆောင်ရွက်ပေးခြင်း နှင့် တောင်သူ များ အတွက် လက်ရှိချေးငွေ ဝန်ဆောင်မှုလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

ယင်းစီမံကိန်းအရ ဟင်းသီးဟင်းရွက်သီးနှံ တန်ဘိုးကွင်းဆက်မြှင့်တင်ခြင်းဖြင့်  စီမံကိန်း ဧရိယာအတွင်းရှိတောင်သူများ ၏ ဝင်ငွေပိုမို တိုးတက် ရရှိစေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ပြီး ၊ စားနပ်ရိက္ခာဖူလုံရေးအတွက် ဟင်းသီးဟင်းရွက် သီးနှံ တန်ဘိုး ကွင်းဆက် ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် အကျိုးအမြတ် ဖြစ်ထွန်းစေမည့် ဟင်းသီးဟင်းရွက် သီးနှံများကို စီမံကိန်းဧရိယာပြင်ပတွင်လည်း လက်တွေ့ စိုက်ပျိုးထုတ်လုပ်နိုင်စေရန် မျှော်မှန်းဆောင်ရွက် ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။