ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

COVID -19 အလွန် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ပြန်လည် ဦးမော့ လာစေရေး အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးမှု အစီအမံများ အပေါ် ရှင်းလင်းဆွေးနွေး

ပြည်တွင်းစားသုံးမှုဖူလုံစေရေး နှင့် နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ ပြည်ပ ဝင်ငွေ ရှာဖွေပေးလျှက်ရှိသော ငါးလုပ်ငန်းများ မွေးမြူ၊ ဖမ်းဆီး၊ ပြုပြင်ထုတ်လုပ်၊ ဖြန့်ဖြူး ရောင်းချ တင်ပို့ခြင်းတို့ကို  အချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်ရေးနှင့် COVID-19 အခြေအနေ ကြောင့်  ကြန့်ကြာခြင်းမျိုးမရှိစေပဲ လုပ်ငန်းကွင်းဆက်အလိုက် ဟန်ချက်ညီ ဆောင်ရွက်သွား နိုင်ရန် ရည်ရွယ်ပြီး  နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးမှု အစီအမံများ အပေါ် တာဝန်ရှိသူ အသီးသီး တို့က ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အားထုတ် ကြိုးပမ်းကြစေလိုကြောင်း၊  ဇွန်လ ၁၈ ရက် နေ့လယ်ပိုင်းက နေပြည်တော် ရုံးအမှတ် ၃၆ တွင်ကျင်းပပြုလုပ်သည့် COVID -19 အလွန် ငါးမွေးမြူရေး နှင့် ရေလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာ စေရေးအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးမှု အစီအမံများ အပေါ် ရှင်းလင်းဆွေးနွေးပွဲ တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ဆွေးနွေးမှာကြားသည်။ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့်  ညွှန်ကြားရေးမှူးချုပ်များ ၊ ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများ တက်ရောက်ကြသည်။

          ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာ၌  COVID -19 ရောဂါ ဖြစ်ပွားသည့် ကာလများအတွင်း ရေလုပ်ငန်းကဏ္ဍအောက်ရှိ ရေချို၊ ရေငန် ငါးများ၏ စျေးနှုန်း များ အထိုက်အလျောက် ကျဆင်းခြင်း၊ ရောင်းအား လျော့နည်း ကျဆင်းခြင်း၊ ပြည်ပ ပို့ကုန် လုပ်ငန်းများ တုံ့ဆိုင်းသွားခြင်း စသည့် အခက်အခဲများကို လုပ်ငန်းရှင်များ ရင်ဆိုင်ကြုံတွေ့ ခဲ့ရမှု အပေါ် ဝန်ကြီးဌာနအနေဖြင့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

ထိခိုက်မှုများ အမြန်ဆုံး ပြန်လည်ထူထောင် နိုင်‌ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် COVID -19   Economic Relife Plan တွင် ပါဝင်သည့် Action Plan အရ ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ထူထောင်ရန်နှင့် အလုပ်အကိုင်၊ အခွင့်အလမ်းများ တိုးတက် ရရှိစေရန် အတွက်  ငါးမွေးမြူသူများအား တစ်ဧကလျှင် ငွေကျပ်(၄၀၀၀၀) တန်ဖိုးရှိ မျိုးငါး နှင့် ငါးသားပေါက်များအားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံ လုံး အတိုင်းအတာအားဖြင့် ဧက(၁၅၀၀၀၀)အတွက် ဖြန့်ဖြူးပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊                ငါမွေးမြူရေးလုပ်ငန်းများ ပိုမို အောင်မြင် လာစေရန် မျိုးငါးနှင့် ငါးသားပေါက်များ ထောက်ပံ့နိုင်ရေးအတွက် ကျပ်သန်း(၆၀၀)၊ ရေလုပ်သားများ ပင်လယ်ပြင်ဘေးအန္တရာယ် ကင်းရှင်း ရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာသင်တန်းများကို ကမ်းရိုးတန်း‌‌ဒေသ တိုင်းဒေသကြီး နှင့် ပြည်နယ် များတွင် ဖွင့်လှစ်နိုင်ရန် ကျပ်သန်း(၆၀)တို့ကို နိုင်ငံတော် အစိုးရထံ တင်ပြ တောင်းခံ ခဲ့ရာ  ခွင့်ပြုချက်ရရှိပြီးဖြစ်၍  အချိန်မီထောက်ပံနိုင်ရေး နှင့် သတ်မှတ်ကာလ အတွင်း လုပ်ငန်း များ အချိန်မီပြီးစီးရေး အတွက် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက အင်တိုက်အားတိုက် ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။

COVID -19 အလွန် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ပြန်လည် ဦးမော့ လာစေရေး အတွက် နိုင်ငံတော်ထောက်ပံ့ငွေ မှ ဆောင်ရွက်မှုများအပြင်  ချေးငွေ အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ရန် ငါးတင်၊ ငါးချဆိပ်ကမ်းများ လုပ်ငန်းများ ပြန်လည် စတင်နိုင်ရန် ဆိပ်ခံတံတားတစ်ခုလျှင် ကျပ်သန်း (၂၀၀)နှုန်းဖြင့် ဆိပ်ခံတံတား (၁၀)ခုအတွက်ကို လည်းကောင်း၊ ငါးဖမ်းရေယာဉ် များ နှင့်ပတ်သတ်၍ ငါးလုပ်ငန်းရာသီ ပြန်လည် ဖွင့်လှစ် ချိန်တွင် လိုအပ်သော ဆီ၊ ရေခဲ၊ ရိက္ခာ၊ ရေလုပ်သားများနှင့် လှေထွက်စရိတ်တို့ အတွက်  ရေယာဉ်တစ်စီးလျှင် ကျပ်(၁၀)သန်းနှုန်းဖြင့် ရေယာဉ်စီးရေ (၃၁၉၀)စီး အတွက်ကို လည်းကောင်း၊ ငါး/ပုဇွန်ပြုပြင်မွမ်းမံထုတ်လုပ်သော  စက်ရုံ/ အလုပ်ရုံများအတွက် စက်ရုံ တစ်ရုံလျှင် ကျပ်သန်း(၁၀၀)နှုန်းဖြင့်လည်းကောင်း၊  SME ချေးငွေ ရရှိရေး အတွက် တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။               နိုင်ငံတကာအကူအညီရရှိရေးဆောင်ရွက်မှုအဖြစ် ဥရောပသမဂ္ဂမှ Budget Support Program ဖြင့် အထောက်အပံ့များရရှိရန် ငါးလုပ်ငန်းဦးစီးဌာန မှ  ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ လယ(၃၀) ရရှိပြီး ဧက(၆၈၄၁၆.၅၄)ဧကအတွက် တစ်ဧကလျှင် ငွေကျပ်(၄၀၀၀၀) တန်ဖိုး ရှိ ငါးသားပေါက်များအား ဖြန့်ဖြူးပံ့ပိုးနိုင်ရန် ညှိနှိုင်းထားကြောင်း၊အလားတူ ဂျပန်နိုင်ငံ  အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA  မှ COVID-19 ကာလအတွင်း၊ JICA  စီမံကိန်း ဆောင်ရွက်ခဲ့သည့် ဧရာဝတီ၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီး နှင့် ကရင်ပြည်နယ်များမှ  မြို့နယ်(၁၈)မြို့နယ် ရှိ တပိုင်တနိုင်ငါးမွေးကန်များ နှင့် ငါးလုပ်ငန်း စခန်းများ သို့ ငါးသားပေါက်များ၊ ငါးအစာများ၊ လုပ်ငန်းသုံးပစ္စည်းများ ကူညီပံပိုးပေးနိုင်မည့် အစီအစဉ်များလည်း ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။