ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (ARDSCG) ၏ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပ

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (ARDSCG) ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီလ (၁၈) ရက် နံနက် ၉ နာရီခွဲအချိန်က နေပြည်တော် ရုံးအမှတ် (၁၅) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန်များ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ၊ FAO, ADB, USAID, LIFT နှင့် NGO/CSO အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (ARDSCG) ဒုတိယဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် က အဖွင့် အမှာစကားပြောကြားရာ၌ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီ နှင့် ပူးပေါင်း ဆောင်ရွက်မှုများသည်  အလွန်ပင် အရေးကြီးကြောင်း ၊ အကူအညီ အထောက်အပံ့များ ချေးငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ လုပ်ငန်းများ အကောင်အထည် ဖော် ရာတွင် လက်ရှိ လုပ်ထုံး လုပ်နည်းများအား နိုင်ငံတကာ စံနှုန်းများ နှင့် ကိုက်ညီမှုရှိစေရေး အတွက် ပြုပြင်ပြောင်းလဲသင့်သည်များကို ယနေ့အစည်းအဝေး တွင် အကြံပြုဆွေးနွေးကြစေလိုကြောင်း၊ အလားတူ ဆောင်ရွက်ရန်ကျန်နေသည့် လုပ်ငန်းများကို အမှန် အကောင်အထည် ဖော်နိုင်ရေးအတွက် ဘုံသဘောတူညီချက်များ ၊ ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များ အတည်ပြုနိုင်ရေးနှင့်  မိမိတို့၏ Country Program Framework မှာ ထည့်သွင်းပေးနိုင်ရေး ကြိုးပမ်းပေးကြပါရန် တိုက်တွန်း ပြောကြားသည်။

ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ (DACU) ၏ လမ်းညွှန်ချက်အရ ပြည်ပ ချေးငွေ / ထောက်ပံ့ငွေများအား ပိုမိုထိရောက်စွာ အသုံးပြုနိုင်ရန်ရည်ရွယ်ပြီး ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးရန် “စိုက်ပျိုးရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့” (Agriculture and Rural Development Sector Coordination Group – ARDSCG)ကို ဥက္ကဌ အဖြစ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ဦးဆောင်၍   ဒုတိယဝန်ကြီး က ဒုတိယ ဥက္ကဌ အဖြစ်လည်းကောင်း ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များဖြစ်သော FAO နှင့် USAID တို့မှ ကိုယ်စားလှယ် (၁) ဦးစီတို့ ပါဝင် ကာ စုစုပေါင်း (၂၃) ဦးဖြင့် ဖွဲ့စည်းထားရှိကာ စိုက်ပျိုးရေး နှင့်ဆည်မြောင်းကဏ္ဍ၊ သမဝါယမကဏ္ဍ၊ အသားကဏ္ဍ၊ ငါးကဏ္ဍနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကဏ္ဍ စသည့် ကဏ္ဍခွဲ (၅) ခုကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။