ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြည်သူများ၏ လုံ့လဝီရိယစိုက်ထုတ်ပြီး ညီညွတ်စွာ စုပေါင်းဆောင်ရွက်မှုလိုအပ်

 

နေပြည်တော်ကောင်စီနယ်မြေ၏ လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်ဧကချင်း စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ရေး၊ တောင်သူတစ်ဦးချင်းဝင်ငွေတိုးပွားရေး အတွက် စိုက်ပျိုးရေ အပါအဝင် လိုအပ်ချက်များ  ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ မွေးမြူရေး နှင့် တစ်ပိုင်တစ်နိုင်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်ကြခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ ဝင်ငွေနှင့်လူနေမှုဘဝမြင့်မားရေး ကို နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းအကောင် အထည်ဖော်လျက်ရှိရာ ဒေသနေပြည်သူများအနေဖြင့် လုံ့လဝီရိယစိုက်ထုတ်ပြီး ညီညီညွတ်ညွတ်ဖြင့် စုပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ဇန်နဝါရီလ (၂၆)ရက်နေ့ ညနေပိုင်း က လယ်ဝေးမြို့နယ် ဝက္ကမူကျေးရွာအုပ်စု နှင့် ညိုပင်ကျေးရွာအုပ်စုတို့မှ ဒေသနေပြည်သူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ပြောကြားသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဝက္ကမူကျေးရွာ အနီး ပုလွေးချောင်း ယာယီချောင်းပိတ်ဆည် တည်ဆောက်ရေးလုပ်ငန်းခွင် ၊ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာ လျှပ်စစ်ရေတင်လုပ်ငန်း ဆောင်ရွက်နေမှု နှင့် စိုက်ပျိုးရေ ထိရောက် အကျိုးရှိစွာသုံးစွဲနိုင်ရေးအတွက် ရေဖျန်းစနစ် စံပြအသုံးပြုနေမှု တို့ကို ကြည့်ရှု စစ်ဆေး ကြရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝက္ကမူကျေးရွာအုပ်စုနေ တောင်သူများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး၊ သီးထပ်စွမ်းအားတိုးမြှင့်ရေး၊ အသေးစား အငယ်စား ကုန်ထုတ်လုပ်ငန်းများလုပ်ကိုင်နိုင်ရေး၊ လိုအပ်သော နည်းပညာသင်တန်းများ ကျေးရွာအရောက်ဆောင်ရွက်ပေးခြင်းနှင့်အတူ အရင်းအနှီး မတည်ငွေထူထောင်ပေးမည့် အစီအစဉ်များ၊ စိတ်တူကိုယ်တူဆန္ဒတူသူများ စုပေါင်း ၍ သမဝါယမအသင်းထူထောင်ပြီး စီးပွားဖြစ် လယ်ယာကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေး အတွက် ကျေးရွာသူ ကျေးရွာသားများ အားလုံး ပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်ချက်များကို ဆွေးနွေး ပြောကြားသည်။

လူဦးရေ ၂၇၀၀ကျော်ရှိ ဝက္ကမူကျေးရွာတွင် စပါး၊ ပဲပြောင်း၊နေကြာ နှင့် ဟင်းသီးဟင်းရွက်သီးနှံများကို အဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး မွေးမြူရေးလုပ်ကိုင်သူ အိမ်ထောင်စု(၁၄၀)ခန့်ရှိရာ ယခု ပုလွေးချောင်း ယာယီချောင်းပိတ်ဆည် တည်ဆောက် ပေးခြင်းကြောင့် ရေအနည်းလိုသီးနှံ သီးထပ်များ (၃)သီးအထိ တိုးတက်စိုက်ပျိုးနိုင်ကြမည် ဖြစ်၍ ကျေးရွာနေပြည်သူများ ဝင်ငွေတိုးတက်ရရှိစေမည်ဖြစ်သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ညိုပင်ကျေးရွာအုပ်စု ဂွေ့ကြီးကျေးရွာ ယာယီရှင်းလင်းဆောင်သို့ ရောက်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူ က ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု နှင့် ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကိုရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒေသနေပြည်သူများနှင့် ခင်မင်ရင်းနှီးစွာ တွေ့ဆုံ၍ ကျေးလက်နေ တစ်မိသားစု ချင်း၏ ဝင်ငွေတိုးပွားရေး၊ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများ နှင့် အသက်မွေး ဝမ်းကျောင်းအခြေခံ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ထူထောင် လုပ်ကိုင်နိုင်ရေး၊ ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေးပြီး ဒေသခံများ ၏ ကျေးလက် တံတား ၊ ကုန်ထုတ်လမ်း နှင့် ရေသွင်းမြောင်းဖော်ထုတ်ပေးနိုင်ရေးတင်ပြချက်များအပေါ် အမြန်ဆုံးတုန့်ပြန်ဆောင် ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးအဖွဲ့သည် မြစိမ်းရောင်စီမံကိန်းဝင်တောင်သူများ ၏ ဟင်းသီးဟင်းရွက်စိုက်ခင်းများ ကို ကြည့်ရှုအားပေးကြသည်။

ညိုပင်ကျေးရွာအုပ်စု ဂွေ့ကြီးကျေးရွာတွင် ဂေါ်ဖီ၊ ပန်းမုံလာ၊ ခရမ်းချဉ်၊ ငရုတ် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ခြင်း နှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး လူထုဗဟိုပြုစီမံကိန်း၊ မြစိမ်းရောင်စီမံကိန်း နှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။