ဇန်နဝါရီလ ၂၇ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ အမှာစကားမှ လယ်ယာကဏ္ဍဆိုင်ရာ ကောက်နုတ်ဖော်ပြချက်
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများတိုးတက်စေရေး အားပေးဆောင်ရွက်ခဲ့ရာ ယခုအခါ နိုင်ငံ၏စီးပွားရေးမှာ ထိုက်သင့်သလောက် ပြန်လည်တိုးတက်ကောင်းမွန်လာပြီဖြစ်သဖြင့် မိမိတို့နိုင်ငံ၏ စီးပွားရေးကဏ္ဍမှာ ပြန်လည်ဦးမော့လာပြီဖြစ်ကြောင်း၊ ပြည်တွင်းမှထုတ်လုပ်သည့် ထုတ်ကုန်များကို အရည်အသွေးပြည့်မီရန်နှင့် အရေအတွက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ကုန်ဈေးနှုန်တည်ငြိမ်မှုရှိစေရန်အတွက် ဈေးကွက်တွင်လိုအပ်သည့် ကုန်ပစ္စည်းများကို ဖြည့်တင်းပေးနိုင်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သည့် ကုန်ကြမ်းများနှင့် သွင်းအားစုများကိုဈေးနှုန်း သက်သာစွာဖြင့်ရရှိရန်နှင့် လူသားအရင်းအမြစ်များကိုလည်း လုံလောက်စွာရရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်များကို လျှော့ချပေးနိုင်မည်ဆိုပါက ကုန်ဈေးနှုန်း ကျဆင်းလာမည်ဖြစ်ကြောင်း။
အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသများအလိုက် စားရေရိက္ခာများလုံလောက်အောင် ဆောင်ရွက်မည်ဆိုပါက ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများ နေထိုင်စားသောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက်စားရေရိက္ခာများဖူလုံစေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ စီးပွားရေးနှင့်ပတ်သက်၍ ယခင်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများမှ သင်ခန်းစာများဖော်ထုတ်၍ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ စီးပွားရေးမြှင့်တင် ရေးလုပ်ငန်းတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းသည် အဓိကကျသဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း။
၂၈-၁-၂၀၂၃ နေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။