ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဆည်ရေသောက်ဧရိယာများအတွင်း မြေလွတ်မြေလပ်မကျန် သီးထပ် သီးညှပ် တိုးချဲ့စိုက်ပျိုးရန်လိုအပ်

 

နေပြည်တော်ကောင်စီနယ်မြေအား တစ်နှစ်ပတ်လုံး စိမ်းလန်းစိုပြေရေး၊ ဒေသရှိစိုက်ပျိုးမြေများ ၏ တစ်ဧကချင်း ထုတ်လုပ်မှု စွမ်းအား တိုးတက်ရေး နှင့် တောင်သူများ ဝင်ငွေ တိုးတက်ရေးအတွက် မြေဆီလွှာပျက်စီးမှုမရှိစေပဲ တစ်နှစ်သုံးသီး သီးထပ် စိုက်ပျိုး နိုင်မည့် သီးနှံ ပုံစံများ ရေးဆွဲပေးခြင်း ၊ လိုအပ်ချက်များ ဖြည့်ဆည်းကူညီပေးခြင်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန က ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တိုင်းဒေသကြီး ပြည်နယ် အသီးသီးရှိ အ‌ခြေအနေပေးသည့် ဒေသများတွင်လည်း ရေ မြေ ရာသီဥတု နှင့် ကိုက်ညီစွာ သီးထပ် သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းလျက်သည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် နိုဝင်ဘာလ (၂၅)ရက်နေ့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် နှင့် ဇေယျာသီရိမြို့နယ် အတွင်းရှိ ‌တောင်သူများ နှင့်တွေ့ဆုံ၍ သီးထပ် စွမ်းအား တိုးတက်ရေး၊ ဈေးကွက်လိုအပ်ချက်ရှိနေပြီး တောင်သူ အကျိုးအမြတ်ရှိစေမည့် တန်ဖိုးမြင့်သီးနှံများ စိုက်ပျိုး ထုတ်လုပ်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် နိုင်ငံတကာ၌ ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်း နှင့်အတူ ဓာတ်မြေဩဇာ နှင့် သွင်းအားစုဈေးနှုန်းများ ကြီးမြင့် လာလျက်ရှိနေရာ စိုက်ပျိုးထုတ်လုပ်သူ များအနေဖြင့်လည်း ရင်းနှီးမြုပ်နှံမှုမြင့်မားလာလျက်ရှိကြောင်း၊ တစ်ချိန်တည်းတွင် စိုက်ပျိုး ထွက်ရှိလာသည့် သီးနှံများ ဈေးကောင်းရရှိနေခြင်း ဈေးကွက်ဝယ်လိုအားများ တိုးတက်နေခြင်းကလည်း တောင်သူလယ်သမား များ အတွက် အခွင့်အလမ်းကောင်းအဖြစ် ရှိနေခြင်းကြောင့် သွင်းအားစုစရိတ် သက်သာစေမည့် နည်းလမ်းများ၊ အထွက်နှုန်းနှင့် သီးနှံ အရည်သွေး ကောင်းမွန်ရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေပဲ ရေရှည်တည်တံ့သော စိုက်ပျိုး ထုတ်လုပ်မှုဖြစ်စေရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန က ဘက်စုံ ကဏ္ဍစုံမှ ကြိုးပမ်းလျက်ရှိကြောင်း ဒုတိယဝန်ကြီး က ပြောသည်။

နိုင်ငံတကာတွင် ကိုဗစ်၁၉ နောက်ဆက်တွဲ သက်ရောက်မှုများ ကုစားနိုင်ရေး နှင့် နိုင်ငံရေး စီးပွားရေးအားပြိုင်မှု အခြေအနေများမှ ရုန်းထွက်နိုင်ရန် ကြိုးပမ်းနေကြရသကဲ့သို့ လယ်ယာကဏ္ဍကို အဓိကထားရပ်တည်နေရသည့် မြန်မာနိုင်ငံအနေဖြင့် စားနပ်ရိက္ခာတိုးမြှင့် ထုတ်လုပ်ရေး၊ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ ပြည်ပဈေးကွက်သို့ တိုးတက်တင်ပို့ နိုင်ရေး နှင့် တောင်သူလယ်သမားများအပါအဝင် လယ်ယာကဏ္ဍကိုအခြေခံသော ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ် ကွင်းဆက်တစ်လျှောက်တွင်ပါဝင်ပတ်သက်သူအားလုံး ဝင်ငွေတိုးတက် ရရှိစေရန် နိုင်ငံတော်အစိုးရ စီမံလမ်းညွှန်မှုဖြင့် တစ်ဧကချင်း ထုတ်လုပ်မှု စွမ်းအား တိုးတက်ရေး ၊ သီးထပ်စွမ်းအား တိုးမြှင့်ရေးကို ကြိုးပမ်းနေခြင်းဖြစ်သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ညောင်ပင်ကြီးစုကျေးရွာ တောင်သူ ဦးဇော်ဝင်း ၏ လယ်မြေတွင် စက်မှု လယ်ယာ ဦးစီးဌာန အမှတ်(၈၄)ထွန်စက်စခန်း မျိုးစေ့ချ ကရိယာ ဖြင့် ဆောင်းသီးနှံ နေကြာမျိုးစေ့ချလုပ်ငန်း ဆောင်ရွက်နေမှု ကိုလည်းကောင်း၊ ရေဆင်းဆည် လက်ယာတူးမြောင်း မိုင်နာ(၇) အုပ်ရိုးစီခြင်း လုပ်ငန်း ဆောင်ရွက် ပြီးစီးမှုကို လည်းကောင်း ကြည့်ရှု အားပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ မအူတောကျေးရွာအုပ်စု စိမ်းစားပင်ကျေးရွာရှိ စပါးကြိတ်ခွဲသန့်စင်စက်၊ အခြောက်ခံစက်နှင့် သိုလှောင်ရုံသို့ရောက်ရှိ ကြပြီး ရွှေဇေယျာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေ စက်ကိရိယာ များ ပြုပြင်ရန် လိုအပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က စက်စွမ်းအားပြည့် ပြန်လည် လည်ပတ်နိုင်ရေး၊ စပါးကြိတ်ခွဲသန့်စင်စက်၊ အခြောက်ခံစက်၊ သိုလှောင်ရုံများ အကျိုးရှိစွာအသုံးချ နိုင်ရန်နှင့် ရိတ်သိမ်းချိန်လွန် နည်းပညာအသုံးချမှု ပိုမိုဖွံ့ဖြိုးလာစေရန် ထောက်ပံ့ပေးနိုင်ရေး၊ ဆန်စပါး ထုတ်လုပ်မှုလုပ်ငန်း ကွင်းဆက် တလျှောက် ( Rice Value Chain) တိုးတက်ကောင်းမွန်ရေး စီမံ ဆောင်ရွက်ရန်လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရေဆင်းစိုက်ပျိုးရေးသုတေသန တွင် ဆောင်ရွက်လျက် ရှိသည့် ဆည်ရေသောက် ဒေသများအတွက် အကျိုးအမြတ်အများဆုံး ရရှိစေမည့် တစ်နှစ် သုံးသီး သီးထပ် သီးနှံပုံစံ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မျိုးစေ့ချ စက်ကိရိယာဖြင့် စိုက်ပျိုးထားသည့် မတ်ပဲ စိုက်ခင်း ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး သုတေသနဖွံ့ဖြိုးရေး နှင့် လက်တွေ့အသုံးချ သုတေသန ရလဒ်များ တောင်သူလက်ဝယ်ရောက်အသုံးပြုနိုင်ရန် ဆက်စပ်ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရေးလိုအပ်ချက်များကို မှာကြားခဲ့ကြောင်း  သတင်းရရှိသည်။