ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဇမ္ဗူသီရိမြို့နယ်တွင် ယခုနှစ်မိုးစပါး ဧက(၁၂၀၀)ကျော် စိုက်ပျိုး

          ဒေသ၏ရေမြေရာသီဥတုနှင့်ကိုက်ညီပြီး အရည်အသွေးနှင့် အထွက်နှုန်းမြင့်မားသော မျိုးစေ့ထုတ်လုပ်ခြင်း ကို  အတွေ့အကြုံ ရှိသော အကျိုးဆောင်တောင်သူများ ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် မျိုးစေ့ စီးဆင်းမှုလမ်းကြောင်း မှန်ကန်စေရေး ၊ ကျယ်ပြန့်ထိရောက် သော မျိုးဖြန့်ဖြူးမှု လုပ်ငန်းဖြစ်စေရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုဝင်ဘာလ (၂၃)ရက်နေ့က နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စု၊ ဂုံမင်းအင်း ကျေးရွာ၊ ကွင်းအမှတ် (၁၆၆၀)တောင်သူ ဦးကျောက် ၏ ဆင်းသုခ မျိုးသန့် မျိုးစေ့ထုတ် စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

ဒုတိယဝန်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဆင်းသုခ မျိုးသန့် မျိုးစေ့ထုတ် စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်း လုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က ဇမ္ဗူသီရိမြို့နယ် အတွင်း မိုးစပါး ဧက(၁၂၀၀)ကျော် စိုက်ပျိုးရိတ်သိမ်းနေမှု ၊ ဆောင်းသီးနှံ စိုက်ပျိုးရန်ကြိုတင် ပြင်ဆင်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး က တောင်သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော် အစိုးရအနေဖြင့် စားနပ်ရိက္ခာ ဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ အစားအစာ ဘေးကင်းလုံခြုံမှု ရှိစေရေးတို့ကို အားပေးလုပ်ဆောင်မှုနှင့်အတူ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ တိုးတက် မြင့်မားလာရေးကိုလည်း အလေးထား ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြောင်းလဲ လာသော မျိုးစေ့စျေးကွက်နှင့်အညီ စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ထုတ်လုပ်မှု ဖြစ်စေရေး နှင့် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီပြီး တန်ဘိုးမြင့် အရည်အသွေးကောင်း မျိုးစေ့များ ကို ဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်ရေးအတွက် သက်ဆိုင်သူအားလုံးက ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း ဆွေးနွေးမှာကြား သည်။

ထို့နောက် ‌ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒေသခံ တောင်သူများနှင့်အတူ တောင်သူ ဦးကျောက် ၏ မိုးစပါး ဆင်းသုခ မျိုးသန့် မျိုးစေ့ထုတ် စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်း အား ကြည့်ရှုအားပေးသည်။ ဇမ္ဗူသီရိမြို့နယ်တွင် ယခုနှစ်မိုးစပါး ဧက(၁၂၀၀)ကျော် စိုက်ပျိုးပြီး ယခု စံကွက်ရိတ်သိမ်းသည့်  ဆင်းသုခ မျိုးသန့် မျိုးစေ့ထုတ် စိုက်ခင်း မှ တစ်ဧက စပါးအစို(၈၆.၉၇)တင်းဖြစ်၍ စပါးအခြောက်(၇၂.၉၇)တင်းနှုန်း ထွက်ရှိကြောင်း သတင်း ရရှိသည်။