ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

နေပြည်တော်ကောင်စီနယ်မြေ၏ အသား ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်  

 

စိုက်ပျိုးမွေးမြူရေးစနစ်တွင် အခြေခံ အရင်းအမြစ် ဖြစ်သည့် ရေ၊ မြေ၊ လုပ်အား လယ်ယာသုံး စက် ကရိယာများကို အကောင်းဆုံး အကျိုးရှိစွာ အသုံးပြီး လက်ရှိ ထုတ်လုပ်မှု ကုန်ကျစရိတ်အောက် လျော့နည်း သက်သာစေမည့် နည်းစနစ်များကို လိုက်နာ ကျင့်သုံး ကြစေလို ကြောင်း၊ ပြည်သူများ၏ စားသောက်မှုစနစ် ပြောင်းလဲလာမှုကြောင့် အသားစား သုံးမှု တိုးတက် လာခြင်း နှင့်အတူ အသား ငါး လိုအပ်ချက် ဖြည့်ဆည်း ပေးနိုင်ရန် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးလာရေးကို ဘက်စုံမှ အားပေး လျက် ရှိကြောင်း နိုဝင်ဘာ(၁၉)ရက်နေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်း မြို့နယ်၊ ညောင်လွန့်ကျေးရွာ မိုးစပါး ကောက်စိုက် စက် စိုက်ခင်းနှင့် ပေါင်းစည်းလယ်ယာ (Integrated Farming) ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က ပြောကြား သည်။

ဒေသနေတောင်သူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က ပေါင်းစည်းလယ်ယာစနစ် ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေး ၊ မွေးမြူရေး ကဏ္ဍ နှစ်ရပ်မှ ဝင်ငွေ တိုးတက်ခံစားရနိုင်မှု အခြေအနေ၊ ဘက်စုံ စိုက်ပျိုး မွေးမြူရေးစနစ်ကို ဆောင်ရွက်ခြင်း ဖြင့် ကြုံတွေ့ လာနိုင်သည့် ပိုးမွှားရောဂါ ကျရောက်မှု၊ ရာသီဥတု ဒဏ် ကျော်လွှားရေး တွင် ပူပေါင်း ဆောင်ရွက်ကြရန် လိုအပ်ချက်များ၊  လယ်ယာ ဘေးထွက် ပစ္စည်းများ မှ တိရစ္ဆာန်အစာ ဖြည့်ဆည်း ပေးနိုင်မှု နှင့်  တိရစ္ဆာန် အညစ်အကြေးမှ သဘာဝ မြေဩဇာအဖြစ် အသုံး ပြုမှုများ ပါဝင်သည့် လှည့်ပတ်သုံးစွဲ နည်းစနစ်အား ပီပြင်စွာ ဖြစ်ပေါ် လာရေး ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ နေပြည်တော်တိုင်း စိုက်ပျိုးရေး ဦးစီးဌာန တိုင်းတာဝန်ခံက ပေါင်းစည်း လယ်ယာ စနစ်များ ဆောင်ရွက် နေမှုအခြေ အနေများကို လည်းကောင်း၊  ဒေသခံတောင်သူ တစ်ဦးက ပေါင်းစည်း လယ်ယာစနစ်ဖြင့်ဒေသတွင်း စိုက်ပျိုး မွေးမြူထားရှိမှု အခြေအနေများ ကို လည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။

ထို့နောက် ဒုတိယဝန်ကြီး နှင့် အခမ်းအနား တက်ရောက် လာကြသူများသည် ဓာတ်မြေသြဇာ နှင့် သဘာဝမြေသြဇာ ၃:၁ ရောစပ် အသုံးပြုခြင်း လက်တွေ့ သရုပ်ပြခြင်း ကိုလည်းကောင်း၊ သဘာဝ မြေဆွေးပြုလုပ်ရန် ဗေဒါပင်စိုက်ပျိုးခြင်းနှင့် ငါးခူ မွေးမြူထားရှိခြင်း ကိုလည်းကောင်း၊ နို့စားနွားနှင့် ဒေသနွား၊ ဆိတ်များ မွေးမြူထားရှိမှု အခြေအနေ များကို လည်းကောင်း၊ မိုးစပါး(RS-CS)မျိုးစေ့ ထုတ် စိုက်ခင်းကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။ထို့နောက် တပ်ကုန်းမြို့နယ်၊ ကံကြီးမွေးမြူရေးဇုံ သို့ရောက်ရှိပြီး မွေးမြူရေးတောင်သူ များနှင့် တွေ့ဆုံ ၍  ဒုတိယဝန်ကြီး က ဈေးကွက် စီးပွားရေးစနစ် နှင့်အညီ ကုန်ထုတ်လုပ်ငန်းများ အားလုံးကို ပုဂ္ဂလိကပိုင်းက ဆောင်ရွက်နေခြင်းဖြစ်၍ နိုင်ငံတော် ၏ အသား ထုတ်လုပ်မှု ကဏ္ဍ တန်ဖိုး တိုးတက်ရေး သည် ပုဂ္ဂလိကကဏ္ဍ၏ ဖွံ့ဖြိုး တိုးတက်မှုပေါ် များစွာ တည်မှီနေသဖြင့် ဌာနနှင့် ပုဂ္ဂလိကများ အကြား ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ လုပ်ငန်းခွင် ဆောင်ရွက် သူများ ကူးစက် ရောဂါ ကင်းစင်ရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး အလေးထား ဆောင်ရွက်ရန် လိုအပ် ချက် များ ၊ မွေးမြူရေး ထွက်ကုန်များ ပြည်တွင်း စားသုံးမှု ဖူလုံမှု ရှိစေရန် နှင့် ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေး ဆိုင်ရာများကို မှာကြားပြီး မွေးမြူရေး တောင်သူ ဦးကြင်ဥ ၏ အသားစားကြက် မွေးမြူရေး ခြံအား ကြည့်ရှု အားပေးခဲ့သည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ကင်းသာရေလှောင်တမံ အတွင်း ရေသိုလှောင် ထားရှိမှု နှင့် တမံကြံ့ခိုင်မှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိ သူများက  တမံ ကြံ့ခိုင် မှု အခြေအနေ၊ စိုက်ပျိုးရေ ပေးဝေနေမှု အခြေအနေနှင့် ဆည်ရေဝင်ရောက်မှု အခြေအနေများ ကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီး သည် ဆည်ရေသောက် ဧရိယာအတွင်းရှိ ဒေသခံ တောင်သူများဖြင့် ဖွဲ့စည်း ထားသော ရေအသုံးချ သူများ အဖွဲ့(WUG)နှင့်တွေ့ဆုံ ၍ ဝင်ငွေ အများဆုံး သီးနှံပုံစံအသုံးပြုစိုက်ပျိုးရေး၊ မြေဆီဩဇာ ထက်သန်ရေး နည်းလမ်းများ ၊ သဘာဝ မြေဩဇာ နှင့် ဓါတ်မြေဩဇာများ အချိုးညီ အသုံးပြုရန် လိုအပ်ချက်များ ၊ ရာသီဥတု အခြေအနေ ကောင်းမွန်ပြီး ဆည်ရေသေချာသည့် ဒေသဖြစ်၍ တစ်နှစ် (၂)သီးစားမှ (၃)သီးစား တိုးချဲ့ စိုက်ပျိုး ထုတ်လုပ်ရေး၊ စိုက်ကွင်းများ ရေသွင်း ရေထုတ် မှန်ကန်ရေး နှင့် ရေတင်နည်း မျိုးစုံဖြင့် စိုက်ပျိုးရေ အသုံးပြုနိုင်ရေး၊ ရေအလေအလွင့် မရှိစေရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တပ်ကုန်းမြို့၊ ကင်းသာကျေးရွာအုပ်စု၊ ကင်းသာကျေးရွာရှိ ဒေါက်တာ ဇော်ထူးမြင့်၏ အသားတိုး ဝက်မွေးမြူရေးခြံ သို့ရောက်ရှိရာ မွေးမြူရေးဇုံ တာဝန်ခံမှ ဇုံအတွင်း မွေးမြူထားသည့် ဝက်နှင့် အသားတိုးကြက်များ ကာကွယ်ဆေးထိုးခြင်း၊ ကူစက် ရောဂါများ အတွက် ကြိုတင် ဆောင်ရွက် ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ မွေးမြူရေး လုပ်ငန်းရှင် များနှင့် မွေးမြူရေး တောင်သူ များ၊ မွေးမြူရေးအစားအစာ ထုတ်လုပ် သူများမှ မွေးမြူထားရှိမှု အခြေအနေ များကို ရှင်းလင်း တင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေဘဲ ဒေသဝမ်းစာ ဖူလုံရေးအပြင် ဈေးကွက် လိုအပ်ချက် ရှိနေသည့် အသားကဏ္ဍ တိုးတက်ထုတ်လုပ် နိုင်ရေးအတွက် စီးပွားဖြစ် မွေးမြူရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး လာရန် လိုအပ်နေမှုများ ၊ မွေးမြူရေး ကို အခြေခံ သည့် ခေတ်မီ ကုန်ချောထုတ်လုပ်မှု အားကောင်း လာစေရန် လုပ်ငန်းစဉ် ကွင်းဆက် တစ်လျှောက်တွင် ပါဝင်သူများ အားလုံး ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များ၊ တိရစ္ဆာန်အစာ စိုက်ပျိုး ကျွေးမွေး သည့် မွေးမြူရေး စနစ် ထွန်းကား လာစေရေးအတွက် အသေးစား မွေးမြူရေး လုပ်ကိုင် သူများနှင့် မွေးမြူရေး ခြံ တည်ထောင် ဆောင်ရွက် လုပ်ကိုင် လိုသူများအား လက်တွဲခေါ်ယူ ပူးပေါင်း ဆောင်ရွက် ရန် လိုအပ် ချက်များ ကို ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။