ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

ပြည်တွင်းရှိ အသေးစား အငယ်စား နှင့် အလတ်စား မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ ခိုင်မာသော ဈေးကွက် ဖော်ဆောင် နိုင်ကြစေရန်၊ ဈေးကွက်နှင့် ကိုက်ညီသော အရည်အသွေးပြည့် ထုတ်ကုန်များ ပိုမို တိုးတက်ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ (၁၆) ရက် နေ့ မွန်းလွဲပိုင်း က စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ ၌ ကျင်းပ ပြုလုပ်ရာ အစည်း အဝေး သို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ မြန်မာနိုင်ငံ မွေးမြူရေး အဖွဲ့ချုပ် မှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေး ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က ဆွေးနွေးပြောကြားရာ ၌ ကျေးလက် နေ ပြည်သူများ အလုပ်အကိုင် အခွင့် အလမ်း ဖန်တီးပေးပြီး မိသားစုဝင်ငွေ တိုးပွားစေရန် နှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်းများ ကို ဆောင်ရွက်ခြင်းဖြင့် ဒေသနေ ပြည်သူများ၏ လူမှု စီးပွားဘဝ မြင့်မား တိုးတက် လာစေရန် တို့ကို ရည်ရွယ် ၍ နေပြည်တော် ကောင်စီနယ်မြေ အပါ အဝင် တိုင်းဒေသကြီး ပြည်နယ် အသီးသီး ရှိ ကျေးရွာအုပ်စုပေါင်း (၆၈၁)ခုတို့၌ မြစိမ်းရောင် (အသားကဏ္ဍ) မွေးမြူရေး ကျေးရွာ ထူထောင်ခြင်း ကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ ကျေးရွာ တစ်ရွာချင်း အလိုက် ချထား ပေးသည့် မ,တည် ရန်ပုံငွေကို အသုံးပြု၍ ကျွဲ၊ နွား၊ နွားနောက်၊ မြင်း၊ သိုး၊ ဆိတ်၊ ဝက်၊ ကြက်၊ ဘဲ မွေးမြူရေး လုပ်ငန်း များကို ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း၊ လုပ်ငန်းစဉ် တစ်လျှောက် လုပ်ငန်း ဆောင်ရွက်မှုများ ချောမွေ့ စေရန်၊ မွေးမြူသူများ အတွက် အကောင်းဆုံး အကျိုးအမြတ် ရရှိနိုင်စေရန်  မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာန နှင့် မြန်မာ နိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်တို့မှ စောင့်ကြည့် လေ့လာ သုံးသပ် အကဲဖြတ် သွားမည် ဖြစ်၍ သက်ဆိုင်သူ အားလုံး တို့က ကျရာအခန်း ကဏ္ဍများ က ကြိုးပမ်း အားထုတ် ပေးကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၉၀၀)ဖြင့် ကျေးရွာ(၃၀) တွင် မွေးမြူရေး တိရစ္ဆာန်များ ဖြန့်ဖြူးပေး နိုင်ရန် ဆောင်ရွက် လျက် ရှိကြောင်း၊ ထို့အပြင် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံ ငွေ  ငွေကျပ်ဘီလီယံ(၄၀၀) အနက်မှ ငွေကျပ် ဘီလီယံ (၃၃၀) ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက် ဒေသဖွံ့ဖြိုးရေး ဝန်ကြီး ဌာန တို့နှင့် တိုင်းဒေသကြီး ပြည်နယ် (၈)ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသ (၆)ခု တို့သို့ ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခဲ့ပြီး စိုက်ပျိုး မွေးမြူရေး မြစိမ်းရောင် စီမံကိန်းကို တန်ဖိုးငွေ ကျပ် (၁၀၀)ဘီလီယံ အသုံးပြုကာ ယခု ဘဏ္ဍာနှစ်မှ စတင် ၍ လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း၊ ချေးငွေ လျာထားမှု အနေဖြင့် ဝက်မွေးမြူရေး လုပ်ငန်း အတွက် ဝက်(၁)ယူနစ်လျင် ကောင်ရေ(၁၀၀)၊ တန်ဖိုးငွေကျပ်(၃၅)သန်းနှုန်းဖြင့် ဝက်(၆၀၀)ယူနစ် အတွက် တန်ဖိုးငွေကျပ် (၂၁)ဘီလီယံ၊ ကြက် မွေးမြူရေး လုပ်ငန်း အတွက် ကြက်(၁)ယူနစ်လျင် ကောင်ရေ(၃၀၀၀)၊ တန်ဖိုး ငွေကျပ်(၁၅)သန်းနှုန်း ဖြင့် ကြက်(၅၀၀)ယူနစ် အတွက် တန်ဖိုးငွေ ကျပ်(၇.၅) ဘီလီယံ၊ စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် (၂၈.၅) ဘီလီယံ လျာထား ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ကြီးကြပ်မှု ကော်မတီ အဆင့်ဆင့် ဖွဲ့စည်းခြင်း၊ အဆိုပြုလွှာများ တောင်းခံခြင်း၊ မွေးမြူသူ၊ အစု အဖွဲ့များ ဖွဲ့စည်းခြင်း၊ အာမခံသူနှင့် သွင်းအားစု ကုမ္ပဏီများ ရွေးချယ် အတည်ပြုခြင်း၊ သဘောတူ စာချုပ် ချုပ်ဆိုခြင်း၊ ချေးငွေ ချထားပေးသည့် အချိန်မှစ၍ တစ်နှစ် ပြည့်မြောက်သည့် အချိန်တွင် ပြန်လည် ပေးချေခြင်း လုပ်ငန်းစဉ်များကို ယခုလ အတွင်း စတင် အကောင် အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။