ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

အာခါဒေသ၏ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသဆိတ်မျိုး(ထိန်စမ်း)များ ထောက်ပံ့ပေးအပ်

ကျိုင်းတုံမြို့နယ်၊ အာခါဒေသတွင် မွေးမြူရေးလုပ်ငန်းများ တိုးတက် ထွန်းကားလာစေရန်၊ မွေးမြူရေး လုပ်ငန်းများမှ ဒေသ ဝင်ငွေ တိုးပွားလာရေးကို အထောက်အကူပြုရေးကို ရည်ရွယ်၍ ဒေသဆိတ်မျိုး (ထိန်စမ်း)များ ထောက်ပံ့ပေးအပ်ခြင်းကို နိုဝင်ဘာလ (၁၅)ရက်နေ့ နံနက်ပိုင်းက ကျိုင်းတုံမြို့နယ်၊ ပန်လော့ကျေးရွာအနီး၊ ဂျာဒယ်ဆိတ်မွေးမြူရေးခြံတွင် ကျင်းပ ပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာများ၊ ဒေသနေမွေးမြူရေးတောင်သူများ တက်ရောက် ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ဒေသဆိတ်မျိုး(ထိန်စမ်း)(၁၀၀)ကောင်အား လွှဲပြောင်း ပေးအပ်ပြီး ကျိုင်းတုံမြို့နယ် အာခါပါတီနာယက ဦးမင်းညိုမှ ကျေးဇူးတင် စကား ပြောကြားသည်။

ထို့နောက်ဒုတိယဝန်ကြီး က အမှာစကားပြောကြားရာတွင် ကျိုင်းတုံမြို့နယ်၊ အာခါဒေသအတွင်းမှာ သရုပ်ပြ ဆိတ် မွေးမြူရေး ခြံများ တည်ထောင်ပြီး ဆိတ်မွေးမြူရေး လုပ်ငန်းကို စနစ်တကျ လုပ်ကိုင်တတ်လာစေရေး အားပေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးကျွေးမွေးပြီး ခြံလှောင်မွေးမြူရေးစနစ်သို့ ကူးပြောင်းခြင်း လုပ်ငန်းစဥ်အားမှ အထောက်အပံ့ဖြစ်လာစေရန်နှင့် ထောက်ပံ့ ပေးသွားသည့် ဒေသဆိတ်(ထိန်စမ်း)များကို ကျေးရွာမွေးမြူသူများ၏ ကြိုးစား အားထုတ်မှုနှင့် ဒေသတွင်း ဆိတ်မွေးမြူရေး စံပြခြံများ၊ စံပြကျေးရွာများ၊ တစ်ရွာထုတ်ကုန် တစ်မျိုး ဖော်ဆောင် လာနိုင်သည်အထိ ရည်မှန်းပြီး ကြိုးပမ်းဆောင်ရွက် သွားကြစေလို ကြောင်း ပြော ကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာ အုပ်စုရှိ နမ့်ကွတ်ရေလွှဲဆည်သို့ရောက်ရှိကြပြီး စိုက်ပျိုးမြေ ဧရိယာ(၁၂၃)ဧကအား မိုးစပါး၊ နွေစပါး စိုက်ပျိုးရေရရှိအောင် ပြင်ဆင်‌ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ကျိုင်းတုံမြို့နယ်၊ ဗုဒ္ဓဥယျာဥ်တော်ရှိ ရေပိုလွှဲတည်ဆောက်ဆောင်ရွက်ထားရှိမှု အားကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်စု၊ နောင်ဟွိုင်ကျေးရွာရှိ ကုန်းမြင့်လယ်ယာမြေ(၆၈)ဧကတွင် စိုက်ပျိူးသော အာခါ တိုင်းရင်းသား လူမျိုးများအတွက် တောင်ယာအစားထိုးလုပ်ငန်းများ ဖြစ်သည့် ကုန်မြင့်လယ်ယာဖော်ထုတ်‌ထားရှိသော လယ်ယာမြေများအတွက် မျိုးစပါးများ‌ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။