ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရွေ့ပြောင်းတောင်ယာစိုက်ပျိုးရေးစနစ် မှ ခေတ်မီလှေကားထစ် စိုက်ပျိုးရေးစနစ် သို့ ပြောင်းလဲပြီး သီးထပ်စိုက်ပျိုးရေးကြိုးပမ်း

 

          ကုန်းမြင့်လှေကားထစ် စပါးစိုက်ပျိုးမှုကို အခြေခံသည့် နှစ်သီးစား သီးနှံပုံစံသို့ ပြောင်းလဲ စိုက်ပျိုးလုပ်ကိုင်နိုင်ပါက ဒေသနေ ပြည်သူများ ဝင်ငွေတိုးပွားလာမှုနှင့်အတူ လူနေမှု အဆင့်အတန်းလည်း တိုးတက် မြင့်မားလာမည်ဖြစ်၍ တောင်ကုန်း၊ တောင်တန်းများ ထူထပ်ပေါများစွာ တည်ရှိသော ဒေသများရှိ ရွေ့ပြောင်းတောင်ယာ စိုက်ပျိုးလုပ်ကိုင် နေမှုများကို ခေတ်မီ လှေကားထစ် ကုန်းမြင့် လယ်ယာမြေများအဖြစ် ဖော်ထုတ်ပေးပြီး သီးထပ်စိုက်ပျိုးလုပ်ကိုင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ဝင်ဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂)ကုန်းမြင့်ဒေသ လယ်ယာမြေ ဖော်ထုတ်ရေး စီမံကိန်းရုံး ၌ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် တွေ့စုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

          နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံ စိုက်ပျိုးရေးသုတေသနခြံသို့ ရောက်ရှိကြပြီး ဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သော သီးနှံမျိုးများ ဆိုင်ရာ သုတေသနလုပ်ငန်း ဆောင်ရွက် နေမှုများကို ကြည့်ရှု့စစ်ဆေးသည်။

သုတေသနပညာရှင်များနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဒေသနှင့် သင့်လျော်သည့် အထွက်ကောင်း အရည်အသွေးကောင်း သီးနှံမျိုးများ နှင့် စပ်မျိုးများ သုတေသနပြု မျိုးမွေးမြူရွေးချယ်ပေးရန်လိုအပ်ချက်များ၊ လက်တွေ့အသုံးချသုတေသန ရလဒ်များအား သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ ဌာနများနှင့် ပူးပေါင်း၍ တောင်သူလက်ဝယ်အရောက် ပို့ဆောင်ပေးရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အရှေ့မဲခေါင် ပုဂ္ဂလိက ဝက်မွေးမြူရေး ခြံ၏ အသားတိုးဝက်မွေးမြူလုပ်ကိုင်နေမှုကို ကြည့်ရှုအားပေးပြီး ခေတ်မီသားသတ်ရုံ တည်ဆောက်ရေး၊ ဝက်သားပေါက်မွေးမြူထုတ်လုပ်ရေး လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက် နိုင်ရေးကို သက်ဆိုင်ရာဌာနများ နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား ဆွေးနွေးညှိနှိုင်း ပေးခဲ့သည်။ ဆက်လက်၍ ကျိုင်းတုံမြို့နယ်၊ ဝမ်လုံကျေးရွာတွင်ရှိသော အသားတိုးဝက် မွေးမြူရေးခြံ၊ ဝက်သားပေါက်မွေးမြူရေးခြံသို့လည်းကောင်း၊ ဥစားကြက်မွေးမြူရေးခြံ၊ ဥစားဘဲ မွေးမြူရေးခြံနှင့် နို့စားနွားမွေးမြူရေးခြံများ၊ အစ္စရေးမြက်ပျိုးခင်းများသို့ လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ နောင်ငင်းကျေးရွာတွင် ကျင်းပပြုလုပ်သည့် ရော်ဘာမိုးကာအုပ် အစေးခြစ်ခြင်း လုပ်ငန်း အတွက် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲအခမ်းအနားကိုတက်ရောက်ကြသည်။ အခမ်းအနား တွင်   ဒုတိယဝန်ကြီးက ရော်ဘာမိုးကာအုပ် အစေးခြစ်စနစ် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံး ဆောင်ရွက်ရန် နှင့် တစ်ဧကအထွက်နှုန်း ပိုမိုရရှိပြီး အရည်အသွေးကောင်း ရော်ဘာများ ထုတ်လုပ် တင်ပို့လာနိုင်ရေးဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးပြောကြားပြီး အခမ်းအနား တက်ရောက်လာကြသော တောင်သူ(၃၀)အား ရော်ဘာမိုးကာအုပ် အစေးခြစ်ခြင်း လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့သည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ယန်းလောအုပ်စု၊ ကျိုင်းဖောင်းကျေးရွာတွင် ကျင်းပပြုလုပ်သည့် ဆိုလာစနစ်ဖြင့် မြစ်ရေတင် စိုက်ပျိုးကြမည့် တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို တက်ရောက်အားပေးကြပြီး တောင်သူများအား ဟင်းသီး ဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပစ္စည်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။