ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုး‌ရေးနှင့်မွေးမြူရေးကိုအခြေခံ၍ နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း

 

မြစိမ်းရောင်စီမံကိန်းများသည် ဒေသဖွံ့ဖြိုးရေး အတွက် လက်တွေ့ အကျိုး ဖြစ်ထွန်းသည်ကို တွေ့ရှိရကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအတွက်လည်း မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ငွေများ ထုတ်ပေး ထားရှိပါကြောင်း၊ ဒေသ အလိုက် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုး တက်စေရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်၍ သက်ဆိုင်သူအားလုံးက ကြိုးပမ်း ဆောင်ရွက် ကြစေ လိုကြောင်း နိုင်ဝင်ဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းက ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ခေမရဌ်ဧည့်ရိပ်သာတွင် ပြည်နယ်နှင့် ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ နှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

တွေ့ဆုံပွဲတွင် ဦးစီးဌာနအလိုက် တာဝန်ရှိသူများ က သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍ များ အလိုက် ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး က စိုက်ပျိုးမွေးမြူရေးကို အခြေခံ၍ ဒေသဖွံ့ဖြိုးရေးကို လုပ်ငန်းကဏ္ဍ အလိုက် စီမံဆောင်ရွက်ရန် လိုအပ်ချက်များကို ဖြည့်စွက် ဆွေးနွေး မှာကြားသည်။

နေ့လယ်ပိုင်းတွင် ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်ကျေးရွာအုပ်စု၊ ဟွေခါးကျေးရွာရှိ လားဟူနှင့် အာခါကုမ္ပဏီလိမိတက် သဘာဝ လက်ဖက် ခြောက် ထုတ်လုပ်ဖြန့်ချိရေးသို့ ရောက်ရှိပြီး လက်ဖက်အခြောက် ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးပြီး လက်ဖက် တောင်သူ များ နှင့် တွေ့ဆုံ၍ ရေမြေရာသီဥတုနှင့် ကိုက်ညီပြီး ဒေသ၏ ဝိသေသ ထွက်ကုန်ဖြစ်သည့် လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်း ပိုမို တိုးတက် ဖွံ့ဖြိုးလာရေး၊ ခေတ်မီနည်းပညာများ အသုံးပြု၍ အရည်အသွေးမြင့် ထုတ်ကုန် အဖြစ်ထုတ်လုပ်ရေး၊ စျေးကွက်ရရှိရေး၊ ရေရှည် တည်တံ့ သော စီးပွားရေးထုတ်ကုန် ဖြစ်စေရေး အတွက် ဒေသအစိုးရ၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူအစုအဖွဲ့များ နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ချက်များ ကို ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် လွယ်မွေကျေးရွာအုပ်စု၊ လွယ်မွေတောင်စခန်းမြို့သို့ရောက်ရှိကြပြီး လွယ်မွေကန် ပြန်လည်တူးဖော်ခြင်း၊ ကျောက်စီခြင်းလုပ်ငန်းများအားကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။