သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မြန်မာ့အော်ဂဲနစ်ထုတ်ကုန်များ နိုင်ငံတကာ စျေးကွက် သို့ ထိုးဖောက်၍ စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားစေရေး ကြိုးပမ်းဆောင်ရွက်

ပြည်တွင်း၌ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများ နှင့် အော်ဂဲနစ်စျေးကွက်ဖြစ်ပေါ်လာရေး ထောက်ခံချက်များပါရှိသော မြန်မာ့အော်ဂဲနစ် ထုတ်ကုန်များ နိုင်ငံတကာ စျေးကွက်သို့ ထိုးဖောက်၍ စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားစေရေး အတွက် မြန်မာအော်ဂဲနစ် စံချိန်စံညွှန်းများ ကို ၂၀၁၉ ခုနှစ်၌ ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ အော်ဂဲနစ်စိုက်ပျိုးရေးဆိုင်ရာ လျှောက်ထားခြင်း၊ စစ်ဆေးခြင်း၊ ထောက်ခံ ချက်ပေးခြင်း၊ အော်ဂဲနစ် စနစ်ကျင့်သုံးခြင်းများအတွက် လမ်းညွှန်ချက်များရေးဆွဲခြင်း ဆိုင်ရာ လုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဒုတိယအကြိမ်အလုပ်ရုံ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၄ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နေပြည်တော် ရုံးအမှတ် ၄၃ ၌ ကျင်းပရာ စိုက်ပျိုးရေး ဦးစီးဌာန တာဝန်ရှိသူများ၊ အော်ဂဲနစ်အဖွဲ့ အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ အော်ဂဲနစ် စိုက်ပျိုး ထုတ်လုပ်သူများ၊ တက်ရောက်ကြပြီး ဒေသအသီးသီးမှ အော်ဂဲနစ် စိုက်ပျိုး ထုတ်လုပ်ရေး စိတ်ဝင်စားသူများက အွန်လိုင်း မှ ပါဝင် တက်ရောက် ဆွေးနွေးခဲ့ကြသည်။

စိုက်ပျိုးရေးဦးစီးဌာန က ဦးဆောင်သည့် အော်ဂဲနစ် စိုက်ပျိုးရေးဆိုင်ရာနည်းပညာရှင်များ အဖွဲ့နှင့်အတူ စိုက်ပျိုးရေး တက္ကသိုလ် စိုက်ပျိုးရေး သုတေသန ဦးစီးဌာန အပါအဝင် ကဏ္ဍပေါင်းစုံမှ ပညာရှင်များပညာရေးဝန်ကြီးဌာန၊ အမျိုးသား စံချိန်စံညွှန်းအဖွဲ့မှ ပညာရှင်များ ပူးပေါင်း၍ ထောက်ခံချက်ပေးရာတွင် လိုက်နာရမည့် အော်ဂဲနစ် ထောက်ခံချက် ပေးရေး လမ်းညွှန်ချက်နှင့် အော်ဂဲနစ် စိုက်ပျိုးရေး စစ်ဆေး ခြင်း ဆိုင်ရာ လမ်းညွှန်ချက်များ ကို အတည်ပြု နိုင်ခဲ့ပြီး ပထမအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ အတွင်း ကျင်းပခဲ့ပြီး ဖြစ်သည်။

ယခုကျင်းပသည့် အော်ဂဲနစ်စနစ် ကျင့်သုံးခြင်းများ အတွက် လမ်းညွှန်ချက်များရေးဆွဲခြင်း ဆိုင်ရာ ဒုတိယ အကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ၌ အော်ဂဲနစ် ထောက်ခံချက်လက်မှတ်များ ပေးအပ် နိုင်ရေး အတွက် လိုအပ်လျက်ရှိသော ထောက်ခံချက် ပေးရာ တွင် လိုက်နာရမည့် လမ်းညွှန်ချက်များ ၊ စစ်ဆေးရေး မှူးများ လိုက်နာရမည့် လမ်းညွှန်ချက်များ၊ စိုက်ပျိုး သူများ လိုက်နာ ရမည့် လမ်းညွှန် ချက်များအား ဆက်လက် ရေးဆွဲရန် ကိစ္စရပ်များ၊ လမ်းညွှန်ချက် များ ထုတ်ပြန်ရာတွင် အော်ဂဲနစ် စိုက်ပျိုး ထုတ်လုပ်မှု ကွင်းဆက် တလျှောက် ပါဝင်နေသူများ သိရှိလိုက်နာ ရမည့် လမ်းညွှန်ချက်များ ဖြစ်စေရန် နှင့်  အမှား အယွင်း မရှိ စစ်မှန်သော အော်ဂဲနစ် စိုက်ပျိုး ထုတ်လုပ် မှု စနစ်ကို ဖော်ဆောင် နိုင်ရန် ရိုးရှင်း လွယ်ကူစွာ နားလည်နိုင်ပြီး၊ စနစ်တကျ လိုက်နာ နိုင်မည့် လမ်းညွှန်ချက်များ အတည်ပြု ထုတ်ပြန် နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။