သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ဗီဇအချက်အလက်နည်းပညာများကို အသုံးပြု၍ မြန်မာနိုင်ငံ၏ ဆန်စပါးမျိုးမွေးမြူရေးကဏ္ဍအား မြှင့်တင်ခြင်း သုတေသနလုပ်ငန်းများ ဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA), Kyushu University တို့ ပူးပေါင်းဆောင်ရွက်သော “ဗီဇအချက်အလက် နည်းပညာများကို အသုံးပြု၍ မြန်မာနိုင်ငံ၏ ဆန်စပါးမျိုးမွေးမြူရေးကဏ္ဍအား မြှင့်တင်ခြင်း သုတေသန လုပ်ငန်းများ”ကို ၂၀၁၈- ၂၀၁၉ ခုနှစ်မှ  ၂၀၂၂- ၂၀၂၃ ခုနှစ်ထိ (၅) နှစ်တာ သုတေသနပြုဆောင်ရွက်ခြင်းလုပ်ငန်းများကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်းနှင့် နယ်သုတေသနခြံများ ဖြစ်သည့် မြောင်းမြ၊ သဲကုန်းနှင့် အောင်ပန်းစိုက်ပျိုးရေး သုတေသနခြံတို့တွင် သုတေသနပြု ဆောင်ရွက်လျက်ရှိသည်။

၎င်းစီမံကိန်းသည် ဗီဇအချက်အလက် နည်းပညာများနှင့် စပါးမျိုးကူးစပ် မွေးမြူခြင်းနည်းပညာကို အသုံးပြု၍ မြန်မာ့ ဆန်စပါးမျိုးများကို အထွက်နှုန်း ကောင်းမွန်၍ ရောဂါဒဏ်၊ ပိုးမွှားဒဏ်နှင့် သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိသော မျိုးသစ်များအဖြစ် မွေးမြူမြှင့်တင်ခြင်း၊ ဂျပန်ပညာရှင်များနှင့် မြန်မာပညာရှင်များ ပူးပေါင်း၍ အလားအလာကောင်းမွန်သော မိုးကောင်းသောက်လယ်စပါးနှင့် ယာစပါး မျိုးသစ်လိုင်းများကိုထုတ်လုပ်ခြင်း၊ မြန်မာနိုင်ငံ၏ ဆန်စပါး မျိုးမွေးမြူရေးနည်းစနစ် အခန်းကဏ္ဍ မြှင့်တင်ခြင်းတို့အား ဆောင်ရွက်ရန် ရည်ရွယ်၍ သုတေသနပြု လုပ်ကိုင်ခြင်း  ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ မိုးရာသီသုတေသနအဖြစ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်းရှိ  Glass House အတွင်း၌ သုတေသနစီမံကိန်း၏ အဓိကလုပ်ငန်းစဉ်ဖြစ်သည့် ပေါ်ဆန်း၊ အင်းမရဲဘော်၊ မုဆိုးမကြွေးကြေ စသော မြန်မာစပါးမျိုးများအား သက်တမ်းတို၍ အထွက်ကောင်းသော ရောဂါပိုးမွှားဒဏ်ခံနိုင်သည့် ဗီဇများကို ထည့်သွင်းရန် မျိုးကူးစပ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မြန်မာဒေသစပါးမျိုးများတွင်ရှိသော ရေမြုပ်ဒဏ်ခံ၊ ဘက်တီးရီးယား ရောဂါဒဏ်ခံ၊ ဆားငံဒဏ်ခံဗီဇများနှင့် စားသုံးမှု အရည်အသွေးကောင်းဗီဇများကို ရှာဖွေဖော်ထုတ် လေ့လာခြင်းဆိုင်ရာ Mapping Population တည်ထောင်ရန်အတွက် မျိုးကူးစပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။