ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ (၄၁)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်း အဝေး နှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် အောက်တို ဘာလ(၁၅)ရက်နေ့ မှ (၁၆)ရက်နေ့အထိ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ ရှိ Empire Hotel  ၌ ကျင်းပသည့် (၄၁)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၊ (၁၉)ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအစည်းအဝေး နှင့် (၅)ကြိမ်မြောက် အာဆီယံ−အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး များသို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးများ၏ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ တော်ဝင် အိမ်ရှေ့စံမင်းသား  ဝန်ကြီးချုပ်ရုံး၏ အဆင့်မြင့်ဝန်ကြီးဖြစ်သူ His Royal Highness Prince Haji Al-Muhtadee Billah Ibni His Majesty Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။

         (၄၁)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးတွင် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး နှင့် (၅၁)ကြိမ် မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးများမှ ဆွေးနွေးဆုံးဖြတ် ခဲ့ကြသည့် အာဆီယံ စီးပွားရေး အသိုက်အဝန်း ဆိုင်ရာ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အပြီးသတ် ဆောင်ရွက်နိုင်သည့် အချက်များ၊ အာဆီယံနိုင်ငံများအကြား စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်စပ်နေသည့် မူဝါဒများ အကောင်အထည်ဖေါ် ဆောင်ရွက်ခြင်း ၏ တိုးတက်မှုဖြစ်စဉ်များ၊ (၁၉) ကြိမ်မြောက် အာဆီယံ အပေါင်းသုံး လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီး များ အစည်းအဝေးနှင့် (၅)ကြိမ်မြောက် အာဆီယံ−အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး တို့အတွက် ပြင်ဆင်ထားရှိရမည့် အချက်များ ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

(၄၁)ကြိမ်မြောက် အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့်သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးမှ အာဆီယံနိုင်ငံများအတွင်းရှိ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တော ကဏ္ဍများ အတွက်အရည်အသွေးသတ်မှတ်ချက်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အလေ့အကျင့် ကောင်းများဆိုင်ရာလမ်းညွှန်ချက်များ၊ အော်ဂဲနစ်စိုက်ပျိုးရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များ အပါအဝင် ၂၀၁၉ ခုနှစ်တွင် ဆောင်ရွက်ရန် ရည်မှန်းထားသော လုပ်ငန်းပေါင်း ၃၁ ခု ကို အတည်ပြုခဲ့သည်။

အစည်းအဝေး ကျင်းပစဉ်ကာလအတွင်း အောက်တိုဘာလ(၁၅)ရက်နေ့ နေ့လည်၌ အာဆီယံနိုင်ငံများတွင် စိုက်ပျိုးရေးနှင့်သစ်တောထွက်ကုန်များ တိုးမြင့် ထုတ်လုပ်နိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်(၂၀၁၉−၂၀၂၄)၏ နားလည်မှု စာချွန်လွှာကို အာဆီယံနိုင်ငံများရှိ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တာဆိုင်ရာဝန်ကြီးများ နှင့်အတူ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး က ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။

ထို့အပြင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်လည်းကောင်း၊  အာဆီယံ− အမေရိကန် စီးပွားရေးလုပ်ငန်းများကောင်စီမှ ဒုတိယဥက္ကဌ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း အသီးသီးတွေ့ဆုံ ဆွေးနွေးခဲ့သည်။

အောက်တိုဘာလ(၁၆)ရက်နေ့ နံနက်ပိုင်းတွင် (၁၉)ကြိမ်မြောက် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးကို ကျင်းပရာ အစည်းအဝေးတွင် အာဆီယံအပေါင်းသုံး စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး မဟာဗျူဟာ (၂၀၁၆−၂၀၂၅) ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် လမ်းညွှန်ချက်များချမှတ်ပေးခြင်း နှင့် (၁၉)ကြိမ်မြောက် လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဆိုင်ရာဝန်ကြီးများအစည်းအဝေး ၏ ပူးတွဲကြေငြာချက်များအပေါ် အတည်ပြုထောက်ခံခြင်းတို့ကိုဆောင်ရွက်ခဲ့ကြသည်။

မွန်းလွဲ(၁)နာရီတွင် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများမှ ဝန်ကြီးများသည် ဘရူနိုင်းဒါရူဆလင်နိုင်ငံ၏ ဘုရင်မင်းမြတ်၏ နန်းတော်သို့ သွားရောက်၍ ဘုရင်မင်းမြတ်အား တွေ့ဆုံဂါရဝပြုတွေ့ဆုံခဲ့ကြသည်။

ညနေပိုင်းတွင် (၅)ကြိမ်မြောက် အာဆီယံ − အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးကို ဆက်လက်ကျင်းပရာ အစည်းအဝေးတွင်  အာဆီယံ − အိန္ဒိယ စိုက်ပျိုးရေး ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၁၆−၂၀၂၀) ၏ ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းများ၊ ဆောင်ရွက်ရန် ကျန်ရှိနေသေးသော လုပ်ငန်းများနှင့် ၂၀၁၉−၂၀၂၀ အတွင်း ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ လမ်းညွှန်ချက်များချမှတ်ပေးခြင်း နှင့် (၅)ကြိမ်မြောက် အာဆီယံ−အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးဆိုင်ရာ ပူးတွဲ ကြေငြာချက် အား အတည်ပြုထောက်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ Minister of Primary Resources and Tourism H.E. Dato Ali bin Apong တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲ သို့ ပါဝင်တက်ရောက် ခဲ့ကြ သည်။

(၄၁)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် အောက်တို ဘာလ(၁၇)ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြကြောင်း သတင်းရရှိသည်။