စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် နိုဝင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်/မွေး/ဆည်ဝန်ကြီး ဦးစောမြင့်ဦး ၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော် ၊ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ နှင့်အတူ ကော့ကရိတ်မြို့ ကမ္မရာကျေးရွာ တွင် တည်ဆောက် လျက်ရှိသော တိရစ္ဆာန်ရောဂါထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်း (Animal Quarantine Station) တည်ဆောက်နေမှု နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှု စစ်ဆေးရာ Asian Titan Co.,Ltd မှ တာဝန်ရှိသူများ နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း တို့က ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ် ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးရေး၊ ဆောင်ရွက်မည့် လုပ်ငန်း ရည်မှန်းချက် ပြည့်ဝစွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် လတ်တလော ဆောင်ရွက် ရမည့် လုပ်ငန်းများ နှင့် ကာလအပိုင်းအခြားအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်း အစီအမံများ ၊ ဝန်ထမ်းအရည်အသွေးမြှင့်တင်ရေးပိုင်းအပါ အဝင် ကြိုတင်ပြင်ဆင်ရမည့် ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်း (Animal Quarantine Station) သည် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ပြည်ပသို့ တရားဝင်တင်ပို့ရာတွင် မရှိမဖြစ် ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး တိရစ္ဆာန်ရောဂါထိန်းချုပ် စောင့်ကြည့် စစ်ဆေးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရခြင်းဖြစ်သည်။
ကျွဲ နွားများ ပြည်ပသို့ တင်ပို့ရောင်းချရာတွင် တိရစ္ဆာန်ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွား စေရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ ပညာရှင်များ၏ အကြံပြုချက် များ၊ ဆောင်ရွက်ရမည့် လုပ်ထုံး၊ လုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အမှတ်အသား တပ်ဆင်ပေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ စစ်ဆေးပြီး ကြောင်း ထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်း၊ Animal Quarantine Certificate ထုတ်ပေးခြင်း စသည့်လုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန က နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း က ပြောသည်။
တစ်နိုင်ငံမှ တစ်နိုင်ငံသို့ တိရစ္ဆာန်များ ကုန်သွယ်မှုပြုလုပ်ရာတွင် နိုင်ငံတကာစံနှုန်းနှင့် အညီ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပြီး ထိန်းသိမ်း စောင့်ကြည့်သွားခြင်းဖြင့် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါများ (Trans-boundary Animal Diseases)ကို ထိန်းချုပ်ရန် ဧပြီလ ၂၂ ရက် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့ ၌ တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်း (Animal Quarantine Station) ဖွင့်လှစ်ခဲ့ပြီးဖြစ်၍ ယခုစခန်းသည် မြန်မာနိုင်ငံ၏ ဒုတိယမြောက် တိရစ္ဆာန် ရောဂါ ထိန်းချုပ်စောင့်ကြည့် စစ်ဆေးရေး စခန်း ဖြစ်သည်။
ပြည်ပသို့ ကျွဲနွားတင်ပို့မှုများကြောင့် ပြည်တွင်းစားသုံးမှုပမာဏကို မထိခိုက်စေရေး၊ နိုင်ငံတွင်းရှိ အရင်းအမြစ်များ မကုန်ခမ်းစေရေးနှင့် စျေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသည့် မွေးမြူရေးလုပ်ငန်း များဖြစ်ထွန်းလာစေရေးအတွက် ကျွဲ၊နွားများ တိုးချဲ့မွေးမြူစေရေး၊ မျိုးထိန်းမျိုးမြှင့်ရေး၊ အစာ နှင့် စားကျက်လုံလောက်စေရေး၊ မေထုန်မဲ့သားစပ်ခြင်းနှင့် သဘာဝသားစပ်လုပ်ငန်းများ တိုးတက်စေရေး စသည့်လုပ်ငန်း ကဏ္ဍများကိုလည်း စနစ်တကျ စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန က သိရသည်။