ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

အမျိုးသားအဆင့် စီမံကိန်း ဦးဆောင် ကော်မတီ(NPSC) အစည်းအဝေး ကျင်းပ

          စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမျိုးသားအဆင့် စီမံကိန်းဦးဆောင် ကော်မတီ (NPSC) အစည်းအဝေး ကို မတ်လ(၁၇)ရက်နေ့ နံနက် ၁၀ နာရီ က နေပြည်တော်၊ ရုံးအမှတ်(၁၅)ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဦးဆောင်ကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် ၊ မကွေးတိုင်းဒေသကြီး စိုက်/မွေး/ဆည် ဝန်ကြီး ဦးဝင်းမော်ဌေး ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး ၊ ငွေတိုက်ဦးစီးဌာန၊ ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန တို့မှ စီမံကိန်းဦးဆောင် ကော်မတီဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော် က အဖွင့်အမှာစကားပြောကြားရာ၌  ရေသွင်း စိုက်ပျိုးမှုဧရိယာ အပါအဝင် လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအား အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းများစံချိန်စံညွှန်း၊ အရည်အသွေး ပြည့်မီ‌မှု ရှိစေရန်၊ အချိန်နှင့်တပြေးညီ ပြီးစီး အောင်ဆောင်ရွက်ရန် ၊ ငွေကြေး သုံးစွဲမှု အပိုင်းတွင် နိုင်ငံတော် က ချမှတ် ထားသည့် ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ လမ်းညွှန်ချက် များနှင့်အညီ  ချေးငွေရယူ ထားသည့် အဖွဲ့ အစည်း၏ လုပ်ထုံးလုပ်နည်းများနှင့်လိုက်လျောညီထွေမှုရှိစွာ ဆောင်ရွက်ကြရန် လိုအပ် ချက် များကို ဆွေးနွေးပြောကြားသည်။ဆက်လက်၍ စီမံကိန်းဒါရိုက်တာ ညွှန်ကြားရေးမှူး ဦးခင်ဇော် က ရေသွင်းစိုက်ပျိုးမှုဧရိယာ အပါအဝင် လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Irrigated Agriculture Inclusive Development Project – IAIDP) နှစ့်စပ်လျဉ်း၍ တိုးတက်မှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ် များကိုလည်းကောင်း၊ ငွေတိုက်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေ စီမခံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန တို့မှ စီမံကိန်း ဦးဆောင်ကော်မတီဝင်များ က သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

ရေသွင်းစိုက်ပျိုးမှုဧရိယာ အပါအဝင် လယ်ယာ ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Irrigated Agriculture Inclusive Development Project – IAIDP) သည် ဆည်မြောင်း နှင့်ရေ အသုံးချမှု စီမံ ခန့်ခွဲရေးဦးစီးဌာန၊ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၊ ပြင်သစ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (AFD)၊ ဥ‌ရောပသမဂ္ဂအဖွဲ့အစည်း(EU) တို့ ပူးပေါင်း ဆောင်ရွက် သည့် စီမံကိန်းဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသများဖြစ်သည့် မကွေး၊ ရမည်းသင်း၊ မိတ္ထီလာ၊ ရွှေဘို စသည့် ခရိုင်(၄)ခုတို့ရှိ ရေသွင်းစိုက်ပျိုးနိုင်သည့်ဧရိယာ ‌ဧက(၉၀၀၀၀)တွင် ခရိုင် အလိုက် တန်ဖိုးကွင်းဆက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ခြင်း နှင့် ခေတ်မီရေသွင်းစနစ် ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်း များကို စီမံကိန်းကာလ(၇)နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ဆောင်ရွက်မည့် ဆည်ရေသောက်ဧရိယာများ မှာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ချောင်းမကြီး ဆည်ရေသောက်စနစ် နှင့် မကွေးတိုင်းဒေသသကြီးအတွင်းရှိ နတ်မောက်ဆည် ရေသောက် စနစ်များ ၌ စတင်ဆောင်ရွက်မည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သစ်ဆုံ၊ သင်ပုန်း၊ မိတ္ထီလာကန် နှင့် ချောင်းကောက် စသည့် ဆည်ရေသောက်စနစ်များ၊ မကွေးတိုင်း ဒေသကြီး အတွင်း ရှိ ရန်ပယ်၊ ကင်မွန်းတောင်၊ စွန်ချောင်း နှင့် ဆဒ္ဒန်ဆည်ရေသောက်စနစ်များ၊ စစ်ကိုင်း တိုင်း ဒေသကြီးအတွင်းရှိ ကျီးပင်အက်ဆည်ရေသောက်စနစ် အပါအဝင် စုစုပေါင်း ဆည်ရေသောက်စနစ်(၁၁)ခုအား စီမံကိန်း Pipe Line အတွင်း ထည့်သွင်းထားရှိသည်။          အဆိုပါစီမံကိန်းအရ ဆီထွက်သီးနှံ၊ ပဲအမျိုးမျိုးနှင့် ဥယျာဉ်ခြံ ထွက်သီးနှံများကို ဆန်စပါး မဟုတ်သော တန်ဖိုးကွင်းဆက်ထုတ်ကုန် ထုတ်လုပ်မှု အကျိုးရှိရှိဖွံ့ဖြိုးလာစေရန် ရည်မှန်းချက် ထားရှိဆောင်ရွက်သွားမည်ဖြစ်ပြီး ယုံကြည်စိတ်ချရသော စိုက်ပျိုးရေပေးဝေမှု တိုးတက် လာ စေရန် နှင့် ဆည်ရေရရှိမှု ဧရိယာများ တိုးတက်လာစေရန် ၊ ရေသယံဇာတအရင်းအမြစ် ဘက်စုံ ဖွံ့ဖြိုး တိုးတက်မှုနှင့် ရေရယူသုံးစွဲမှုစီမံခန့်ခွဲခြင်း အရည်အချင်း မြှင့်တင်ရန်တို့ကို ဦးတည် အကောင် အထည်ဖော် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။