မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် ၂၀၂၀ခုနှစ် နွေစပါးရာသီ၌ (နတ်မောက် ဝဲ-ယာ၊ စွန်တမံ၊ ဆဒ္ဒန်တမံ)ဆည်ရေသောက် စိုက်ဧရိယာ အမှန်စိုက်(၂၉၂၀)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ၊ သက်တမ်းတို (ရတနာတိုး၊ မနောသုခ)စပါးမျိုးများ စိုက်ပျိုးခဲ့ကြပြီး ဇွန်လ(၁၂)ရက်နေ့မှစတင်၍ နွေစပါးစိုက်ခင်းများ စတင်ရိတ်သိမ်းနေကြကြောင်း မြို့နယ်စိုက် ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းထံမှ သိရှိရသည်။
ဇွန်လ(၁၆)ရက်နေ့ နံနက်ပိုင်းတွင် မြို့သစ်မြို့နယ် ကွက်သစ်ရပ်ကွက်၊ ကွင်းအမှတ်(၁၃၀၂) တောင်သူ ဦးလှမြင့်ကြည် ၏ နွေစပါး(ရတနာတိုး)စိုက်ဧရိယာ(၄)ဧက အား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန က စံကွက် ရိတ်သိမ်းမှတ်တမ်းယူခဲ့ရာ တစ်ဧကလျှင် အစိုအထွက်(၁၁၀)တင်းနှုန်း ထွက်ရှိကြောင်း၊ ယခုလအတွင်း ဒေသပေါက်ဈေး ရတနာတိုး (အစို) တစ်တင်းလျှင် ငွေကျပ်ခြောက်ထောင်နှုန်း ရရှိ ကြောင်း သိရှိရသည်။
“ကျွန်တော်ကတော့ နတ်မောက်တမံ လက်ဝဲမြောင်းဆည်ရေသောက် တောင်သူ ဦးလှမြင့်ကြည်ဖြစ်ပါတယ်၊ ဒီနှစ် ကျွန်တော့်လယ်တွေ နွေစပါးစိုက်ခွင့်ရပြီး ရတနာတိုး စပါးမျိုးသန့် (မျိုးသန့်အဆင့်) စိုက်ပျိုးခဲ့ပြီး အခု အစိုထွက် တစ်ဧက တင်း(၁၁၀)ထွက်ပါတယ်၊ လက်ရှိပေါက်ဈေးနှင့် တစ်ဧကကို ဝင်ငွေကျပ် ခြောက်သိန်းကျော် ရပါတယ်၊ စိုက်ပျိုးရေးဦးစီးဌာန က မျိုးစေ့ချ ကိရိယာ(Drum Seeder)နဲ့ စပါးတိုက်ရိုက်မျိုးစေ့ချစိုက်တော့ လုပ်အားခလည်း သက်သာပါတယ်၊ နွေစပါးဆိုတော့ သွင်းအားစု နှင့် ပိုးမွှားရောဂါ ကျရောက်မှုလည်းသက်သာတော့ စိုက်ခင်းကုန်ကျစရိတ် စုစုပေါင်း ငွေကျပ် နှစ်သိန်း ကျော် ကုန်ကျပြီး အကျိုးအမြတ် လေးသိန်းကျော် ရရှိမှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့ တောင်သူတွေကတော့ ဖြစ်နိုင်လို့ စိုက်ပျိုးရေ ခက်ခဲမှုမရှိဘဲ သေချာရင်တော့ ဆည်ရေသောက်တွေမှာ နွေစပါးကို ပိုပြီး စိုက်ကြတာများပါတယ်၊ အဓိကတော့ စိုက်ပျိုးရေ ရရှိရေး အခက်အခဲတွေကတော့ နှစ်စဉ် နည်းလမ်းမျိုးစုံနဲ့ ကြုံတွေ့နေကြရပါတယ်၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့လည်း ကျွန်တော်တို့ တောင်သူတွေအတွက် အဓိက အရေးကြီးတဲ့ စိုက်ပျိုးရေ ရရှိရေး အခက်အခဲများကို ထိရောက်တဲ့ နည်းလမ်းအကူအညီတွေ အပြည့်အဝ ပေးစေချင်ပါတယ်” ဟု နွေစပါးစိုက် တောင်သူ ဦးလှမြင့်ကြည် က ပြောသည်။
ပြောင်းလဲလာသည့် ရာသီဥတုကြောင့် စိုက်ပျိုးရေ လျော့နည်းလာမှု နှင့်အတူ စိုက်ပျိုးထုတ်လုပ်မှု မထိခိုက် စေရေးအတွက် တည်ဆောက်ပြီး ဆည်တမံများမှ ရေသောက်ဧရိယာများ ရေစီးရေဝင် ကောင်းမွန်စေရေးလုပ်ငန်းများ၊ ချောင်းပိတ်/မြောင်းပိတ်လုပ်ငန်းများ၊ မြေအောက်ရေတွင်း တူးဖော်အသုံးပြုရေးလုပ်ငန်းများ၊ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် သီးနှံမျိုးသစ်များ ၊ ရေငတ်ဒဏ်ခံ မျိုးကွဲများပြောင်းလဲ စိုက်ပျိုးနိုင်ရေးလုပ်ငန်းများကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ကြိုးပမ်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။