နယ်သတင်းများ

ဂန့်ဂေါမြို့နယ်၌ GAPစနစ်ဖြင့် မိုးနှမ်း ၂၀၀၂ ဧက စိုက်ပျိုး

ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန က ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် အရည်အသွေးကောင်း နှမ်းနက်သီးနှံများကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့အထိ ၂၀၀၂ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးထင်အောင်ကြွယ် နှင့် ဝန်ထမ်းများသည် ဇွန်လ ၁၇ ရက် နေ့လည်ပိုင်းက ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာ၊ တောင်ခင်ရန်းကျေးရွာနှင့် နှမ်းခါးကျေးရွာတို့ရှိ GAP စနစ်ဖြင့် စိုက်ပျိုးထားသော မိုးနှမ်းစိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆွေးနွေးခဲ့ကြသည်။

ဂန့်ဂေါမြို့နယ်အတွင်း ၂၀၁၈ ခုနှစ်မိုးရာသီက အရည်အသွေးကောင်းနှမ်းနက်သီးနှံ ဧက ၄၀၀ ကျော်၊ ၂၀၁၉ ခုနှစ်တွင် ဧက ၁၇၀၀ကျော်ကို စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ GAP စနစ်နှင့်အညီ စိုက်ပျိုးခဲ့ပြီး ယနှစ်တွင် ၂၀၀၂ဧက ကို စိုက်ပျိုးနိုင်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဂန့်ဂေါမြို့နယ်၏ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာအဖြစ် ဆောင်ရွက်လျက်ရှိသော နှမ်းခါးကျေးရွာတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အကျိုးဆောင်တောင်သူများအား တွေ့ဆုံကာ စံပြကျေးရွာလုပ်ငန်းများ အောင်မြင်ရေး ဆက်လက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။