စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့် သည် ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မုံရွာမြို့၌ ဆောင်ရွက်နေသော ICT နည်းပညာဖြင့် စိုက်ပျိုးနည်းပညာပေးလုပ်ငန်းများကိုကြည့်ရှု့ စစ်ဆေးသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် COVID-19 ကာလအတွင်း တောင်သူများထံသို့ နည်းပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ Facebook Page , Facebook Messenger နှင့် Viber စသည့် Social Mediaများဖြင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးခြင်းအပြင် တောင်သူပညာပေး Video Clip များ ရိုက်ကူး ၍ စိုက်ပျိုးနည်း နည်းပညာ ဗဟုသုတများဖြန့်ဝေပေးခြင်း လုပ်ငန်းများအား ၂၀၂၀ခုနှစ်၊ မေလ ဒုတိယပတ်မှ စတင် ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးအတွင်းရှိ နည်းပညာပြန့်ပွားရေးစင်တာ (KC)ပေါင်း (၁၂၀) သို့ ပေးပို့ကာ တောင်သူများထံ သို့ နည်းပညာများ စဉ်ဆက်မပြတ်ဖြန့်ဝေ ပေးလျက်ရှိသည်။
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့် သည် အစည်းအဝေးခန်းမ၌ ICT ဖြင့် နည်းပညာပေး ဆောင်ရွက်မှု နှင့် နည်းပညာပြန့်ပွားရေးစင်တာ တာဝန်ခံများ၏ လုပ်ငန်း စီမံခန့်ခွဲမှု Training of Trainers(TOT)သင်တန်း သို့ ရောက်ရှိပြီး ယခုနှစ် မိုးရွာသွန်းမှု လျော့နည်းမှုအပေါ် တောင်သူများ အတွက် မိုးလေဝသသတင်းများ ထုတ်ပြန်ပေးနိုင်ရေး၊ ပြောင်းလဲလာသည့် ရာသီဥတုနှင့်လိုက်လျော ညီထွေဖြစ်စေမည့် စိုက်ပျိုးနည်းစနစ်များ၊ သီးနှံပုံစံများအား တောင်သူများသိရှိစေရေး နည်းပညာပေး ဆောင်ရွက်ရန်နှင့် ခရိုင်၊ မြို့နယ် အလိုက် ဖွင့်လှစ်ထားသည့် နည်းပညာပြန့်ပွားရေး စင်တာ(KC)များ တွင် တောင်သူများ လာရောက်၍ စိုက်ပျိုးနည်းပညာများ ဆွေးနွေးနိုင်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့သည်။
ထိုမှတဆင့် ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့်တာဝန်ရှိသူများသည် မုံရွာမြို့ နတ်လူထိပ္ပန် နည်းပညာပေးစင်တာသို့ ရောက်ရှိပြီး ဒေသတွင်း တောင်သူလယ်သမားများအား ICT ဖြင့် နည်းပညာပေး ရန် စီမံထားရှိမှုများ၊ အာဟာရပျော်ရည်ဖြင့်စိုက်ပျိုးနည်းစနစ်နှင့် နှင့် ရေအစက်ချစနစ်ဖြင့် စိုက်ပျိုးမှု နမူနာပြ စိုက်ခင်းများအား ကြည့်ရှု့ပြီး တောင်သူများ အလွယ်တကူ နည်းပညာရရှိရေး ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများ အားဆွေးနွေးမှာ ကြားသည်။
ထိုမှတစ်ဆင့် မြင်းမူမြို့နယ် အလ္လကပ္ပ နည်းပညာပြန့်ပွားရေးစင်တာတွင် မိသားစုဥယျာဉ် -အိမ်ခြံဝန်းစိုက်ခင်း ဆောင်ရွက်ထားရှိမှု၊ ဟင်းသီးဟင်းရွက်နှင့် အမယ်စုံသီးနှံများအား စိုက်ပျိုးရေ ချွေတာနိုင်သည့် ရေအစက်ချစနစ် နှင့် ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှု့စစ်ဆေးရာ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်မာမာအောင် နှင့် မြို့နယ်ဦးစီးမှူး ဦးရဲမြင့်သိန်း တို့က ရှင်းလင်းတင်ပြကြသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နည်းပညာပြန့်ပွားရေး စင်တာ(KC)များတွင် စိုက်ပျိုးရေး ပညာရှင် ဝန်ထမ်းများ က စခန်းချ၍ နည်းပညာပေးခြင်း၊ မိသားစုဥယျာဉ် – အိမ်ခြံဝန်းစိုက်ခင်း စိုက်ပျိုးခြင်း နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက် ပြသပေးလျှက်ရှိရာ တောင်သူများအနေဖြင့် အချိန်မရွေး လေ့လာနိုင်ကြကြောင်း သတင်းရရှိသည်။