ဦးစီးဌာနသတင်းများ

COVID-19 ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးကာလအတွင်း တံတားဦးမြို့နယ်၌ ပြည်တော်ရင်စပါးမျိုးများ အခမဲ့‌ဖြန့်ဝေ

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ကျောက်ဆည် စိုက်ပျိုးရေးသုတေသနခြံနှင့် တံတားဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ COVID-19 ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး ကာလအတွင်း တောင်သူများအား ပြည်တော်ရင်စပါးမျိုးများ အခမဲ့‌ပေးအပ်ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၄) ရက်၊ နံနက် (၁၀) နာရီက တံတားဦးမြို့နယ်၊ မြင်းသည် နည်းပညာပေးစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တံတားဦးမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနီ နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်တို့က အမှာစကား အသီးသီးပြောကြားခဲ့ပြီး၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ကျောက်ဆည် စိုက်ပျိုးရေးသုတေသနခြံတာဝန်ခံ ဦးတင့်လွင် က မျိုးစပါး ထောက်ပံ့ ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ မျိုးသန့် မျိုးစေ့များ စိုက်ပျိုးထုတ်လုပ်ရန် အတွက် လိုက်နာ ဆောင်ရွက်သင့်သည်များအားလည်းကောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးနိုင် က တောင်သူများအတွက် စိုက်ပျိုးနည်း စနစ် မှန်ကန်ရေးအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် နှင့် တာဝန်ရှိသူများက ပြည်တော်ရင် စပါးမျိုးများကို တောင်သူများ လက်ဝယ် အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ ပြည်တော်ရင်စပါးမျိုးသည် အထွက်နှုန်း ကောင်းခြင်း၊ စားသုံးမှုကောင်းခြင်း၊ ရွက်ခြောက် ရောဂါဒဏ် အသင့်အတင့် ခံနိုင်ရည် ရှိခြင်း စသည့် အရည်အချင်း လက္ခဏာများရှိကာ သက်တမ်းအားဖြင့် (၁၃၀ မှ ၁၃၇) ရက်ရှိပြီး၊ ဆည်ရေသောက် ဒေသများ တွင် မိုးစပါးနှင့် နွေစပါးအဖြစ် စိုက်ပျိုး နိုင်ကြောင်းနှင့် တံတားဦး မြို့နယ်ရှိ အင်းကူးကျေးရွာ၊ သပွတ်ပင်ကျေးရွာ၊ ချောင်းခွကျေးရွာနှင့် သင်တိမ်းကျေးရွာရှိ စပါးစိုက်တောင်သူများအတွက် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် စိုက်ပျိုး ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာစေရန်အတွက် ပြည်တော်ရင် စပါးမျိုးသန့် တင်း (၅၀) အား အခမဲ့ ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဆည် စိုက်ပျိုးရေးသုတေသနခြံ တာဝန်ခံ ဦးတင့်လွင်ထံ မှ သတင်း ရရှိသည်။