မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်ဆောင်ရွက်သော Food Safety Project အထောက်အပံ့ဖြင့် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန မှ စီမံကိန်းဝင် ခရိုင်/မြို့နယ်များသို့ လုပ်ငန်းသုံး ပစ္စည်းများနှင့် ရုံးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနား ကို ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ဒေါက်တာစိုးသန်း၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကော်မတီ ဥက္ကဌ ဦးမြင့်ဆွေ ၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်း နှင့် တိုင်းဒေသကြီး ခရိုင် မြို့နယ် အဆင့်တာဝန်ရှိသူများ၊ Food Safety Project, Project Director ဦးကျင်မောင်နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဒေါက်တာစိုးသန်း က အဖွင့်အမှာစကားပြောကြားရာတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စားသုံးသူများ ဓာတုအန္တရာယ်ကင်းစင်တဲ့ အစားအသောက်များ စားသုံးပြီး ကျန်းမာသက်ရှည်စေရေးအတွက် ယခု Food Safety Project စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စီမံကိန်းရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ဓာတုအန္တရာယ်ကင်းစင်သော လယ်ယာလုပ်ငန်းများ (Food Safety Model Farm)များ စိုက်ပျိုးပညာပေးခြင်း၊ GAP, GMP, GHP လုပ်ငန်းရပ်များကို အကောက်အထည်ဖော်ပြီး ဓာတုအန္တရာယ် ကင်းစင်တဲ့ အစားအသောက်ရောင်းချတဲ့ စျေးများပေါ်ထွက်လာရေးအထိ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ယခုအခမ်းအနားဟာဆိုရင်လည်း Food Safety Project မှာပါဝင်တဲ့ ခရိုင်/မြို့နယ်များအတွက် လုပ်ငန်းသုံး ပစ္စည်းများ၊ ရုံးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်တဲ့ အခမ်းအနားဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ဦးဆောင်မှုနဲ့ စီမံကိန်းကို အကောင်အထည်ဖော်ပေးနေတဲ့ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့လည်း စီမံကိန်းရည်မှန်းချက်များ အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပါကြောင်း ပြောကြားသည်။
၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီး က စီမံကိန်းဝင် ခရိုင်/မြို့နယ်များသို့ လုပ်ငန်းသုံး ပစ္စည်းများ နှင့် ရုံးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြ ကြောင်းသတင်းရရှိသည်။