ဦးစီးဌာနသတင်းများ

တောင်သူဗဟိုပြု သုတေသနနှင့် နည်းပညာများ တိုးမြှင့်ဆောင်ရွက်ရေးအတွက် International Development Enterprises Proximity Designs နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) တို့ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး

စိုက်ပျိုးရေးသုတေသနဦးစီးဌာနသည် အဆင့်မြင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝသော သီးနှံမျိုးသစ်များနှင့် စိုက်ပျိုးနည်းစနစ်များအား စွန့်ဦးတည်ထွင် ဆောင်ရွက်သွားရန် မျှော်မှန်းချက်ဖြင့်၊ ပြည်တွင်း/ ပြည်ပနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တောင်သူလယ်သမားများ၏ လူမှုစီးပွါးဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ရှု့ဆောင်ရွက်လျက်ရှိရာ၊ International Development Enterprises Proximity Designs အဖွဲ့နှင့် သုတေသနလုပ်ငန်းများ အကျိုးတူပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဇန္နဝါရီလ (၁၇) ရက်နေ့၊ နံနက် (၉) နာရီအချိန်က စိုက်ပျိုးရေးသုတေသနဦးစီးဌာန (ရုံးချုပ်)၊ Farmer Channel အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံများနှင့် တာဝန်ရှိသူများ၊ International Development Enterprises Proximity Designs မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် International Development Enterprises Proximity Designs ၏ အမှူဆောင်အရာရှိချုပ် Mr. James Daniel Taylor တို့က လက်မှတ်ရေးထိုးခဲ့ကြပါသည်။ နားလည်မှုစာချွန်လွှာအရ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် International Development Enterprises Proximity Designs အဖွဲ့အစည်းတို့အကြား မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် တောင်သူဗဟိုပြု သုတေသနနှင့် နည်းပညာအသစ်များ၊ ဝန်ဆောင်မှုများနှင့် ကုန်ပစ္စည်းပေးဝေခြင်း၊ ဒီဇိုင်းပုံထုတ်ခြင်းလုပ်ငန်းများ ပိုမိုတိုးတက်စေရန်အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။