သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးယွန်းပညာကောလိပ် (ပုဂံ) သို့ရောက်ရှိကစစ်ဆေးအားပေး

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖေါ်ဝါရီလ ၁၇ ရက် နေ့လယ်ပိုင်းက ယွန်းပညာကောလိပ် (ပုဂံ) သို့ရောက်ရှိကြပြီး ကျောင်းသား ကျောင်းသူလေးများ ၏ ယွန်းထည် လက်တွေ့ ဆောင်ရွက်မှုအဆင့်ဆင့် ကို လှည့်လည် ကြည့်ရှုအားပေးရာ ယွန်းပညာကောလိပ် တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။

အမြဲတမ်းအတွင်းဝန် သည် ယွန်းပညာကောလိပ် တာဝန်ရှိသူများ၊ မြန်မာ့ယွန်း ထည် အသင်းမှ တာဝန်ရှိသူများအား တွေ့ဆုံစဉ် ဆွေးနွေးမှာကြားရာ၌ မြန်မာ့ယွန်း ထည်များ အရည်အသွေးပြည့်မီစွာဖြင့် ပြည်ပစျေးကွက် ထိုးဖောက်နိုင်ရေး တီထွင်ကြံဆ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပညာသင်ကာလပြီးဆုံးသည်နှင့် အလုပ်အကိုင် အခွင့်အလမ်းသေချာသည့် လက်မှုအနုပညာရပ်တစ်ခုဖြစ်သည့် ယွန်းပညာ  မတိမ်ကော မပပျောက်စေရေး နှင့် နိုင်ငံတကာခရီးသွားဧည့်သည်များ၏ စိတ်ဝင်စားမှု ပိုမိုရရှိရေး ကြိုးပမ်းကြရန်လိုအပ်ကြောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း အဖြစ် လုပ်ကိုင် နိုင်သကဲ့သို့ စီးပွားဖြစ်ထူထောင် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် အားပေးကူညီ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။  

ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် ယွန်းပြတိုက်သို့ရောက်ရှိကြပြီး ပုဂံခေတ်အေဒီ ၁၂ ရာစုခေတ်က ယွန်းထည်ပစ္စည်းများ၊ ပုဂံ၊ အင်းဝ၊ ကျောက္ကာ၊ ရှမ်းပြည်နယ်၊ မိုးနဲ၊ လဲချားအစရှိသောဒေသများ မှ မြန်မာ့ယွန်းထည် ပစ္စည်းများ ကိုလည်းကောင်း၊ ရွှေဇဝါယွန်းထည်အပါအဝင် ခေတ်အလိုက် တိုးတက် လာခဲ့သည့် ယွန်းထည်လက်ရာများ လူမှုရေးအသုံးအဆောင်ယွန်းထည်ပစ္စည်း ၊ ဘာသာရေး အသုံးအဆောင်ယွန်းထည်ပစ္စည်း ၊ ရိုးရိုးသာမန် ပြည်သူနေ့စဉ်သုံး ယွန်းထည်ပစ္စည်းများ ကို ကြည့်ရှုလေ့လာကြသည်။

အဆိုပါယွန်းပြတိုက်တွင် ရွှေဇဝါယွန်းတိုင်များ၊ ယွန်းဆွမ်းအုပ် အမျိုးမျိုး၊ ဆွမ်းတောင်းအမျိုးမျိုး၊ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော် ပန်းချီများဖြင့် စီရင် ခြယ်မှုန်း ထားသည့် ယွန်းသေတ္တာကြီး၊ ယွန်းကွမ်းတောင် စသော ဘာသာရေး အသုံး အဆောင် ပစ္စည်းများ၊ ရှေးခေတ်မြန်မာလူမျိုး တို့ အသုံးပြုလေ့ရှိသည့် ဒေါင်းလန်းကြီး၊ ဆွမ်းအုပ်၊ ချိုင့်၊ ကွမ်းအစ်အစရှိသော နေ့စဉ်သုံးယွန်းပစ္စည်းများ၊ ခေတ်အလိုက် မြန်မာ့ယွန်းထည် များအပြင် ဗီယက်နမ်၊ ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ရုရှားနှင့် အိန္ဒိယနိုင်ငံတို့မှ ယွန်းထည်ပစ္စည်းအချို့ကိုလည်း ခင်းကျင်းပြသထားသည်။

ပုဂံယွန်းကောလိပ်အနေဖြင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ကျောင်းသူ များကို နှစ်နှစ် ဒီပလိုမာသင်တန်းအဖြစ် ယွန်းပညာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိပြီး အဆိုပါ သင်တန်းပြီးပါက သမဝါယမတက္ကသိုလ် သို့ ပေါင်းကူးတက်ရောက်နိုင်ကြောင်းသိရသည်။ ယွန်းအတတ်ပညာ နှစ်နှစ် ဒီပလိုမာ သင်တန်းတွင် အဓိကအားဖြင့်ယွန်းဘာသာ ရပ်ကို သင်ကြားပေးပြီး ယွန်းအဖြူထည် ဘာသာရပ်၊ ယွန်းအနက်ထည် ဘာသာရပ်၊ ကညစ်ယွန်း၊ ရွှေဇဝါ ယွန်းအတတ် ပညာများအပြင် သရိုးပန်းကြွ ၊ ပန်းချီ၊ ပန်းပု၊ ဘာသာရပ်တို့ ကိုလည်း သင်ကြား ပေးကြောင်း၊ ယွန်းပညာနောက်ဆုံးနှစ်တွင် သမဝါယမ ဘာသာရပ် သင်ခန်းစာများ ကိုပါ သင်ကြားပေးကြောင်း သိရသည်။