သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

အာဆီယံ အပေါင်း၃ အရေးပေါ်အရန်ဆန်ရိက္ခာ APTERR ကောင်စီ၏ ၈ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ကျင်းပ

အာဆီယံ အပေါင်း၃ အရေးပေါ်အရန်ဆန်ရိက္ခာ (ASEAN Plus Three Emergency Rice Reserve- APTERR) ကောင်စီ၏ ၈ ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ၂၀၂၀ပြည့်နှစ် ဖေဖေါ်ဝါရီလ ၁၇ ရက် နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရှိ Heritage Bagan Hotel ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး ၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို နှင့် ညွှန်ကြားရေးမှူးများ၊ APTERR အတွင်းရေးမှူးချုပ် Mr Champithya နှင့် APTERR အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ASEAN Food Security Reserve Board (AFSRB) ၊ ASEAN Food Security Information System (AFSIS) တို့မှ ကိုယ်စားလှယ်များတက်ရောက်ကြသည်။

အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ် တို့က အမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။

အာဆီယံနိုင်ငံများအတွင်း အာဆီယံအရေးပေါ်ဆန်အရန်ရိက္ခာ (AERR) ကို ၂၀၁၄ ခုနှစ်၊ မတ်လမှ စတင်၍ အရှေ့အာရှအရေးပေါ် ဆန်အရန်ရိက္ခာ (EAERR) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ရှေ့ပြေးစီမံကိန်းအဖြစ် ၂၀၀၄ခုနှစ်မှ ၂၀၁၀ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်နေ့ အထိဆောင်ရွက်ခဲ့သည်။ ၂၀၁၄ ခုနှစ်၊ မတ်လ မှစ၍ တရုတ်၊ ဂျပန်နှင့် ကိုရီးယားသုံးနိုင်ငံ ထပ်မံတိုးချဲ့လျှက် အာဆီယံအရေးပေါ်ဆန်အရန်ရိက္ခာအစီအစဥ်မှ အရှေ့အာရှအရေးပေါ် ဆန်အရန်ရိက္ခာ (EAERR) အစီိအစဥ်အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပြီး အာဆီယံအပေါင်းသုံးနိုင်ငံများတွင် ဆန်အရန်ရိက္ခာစုဆောင်းထားရှိခြင်းဖြင့် နိုင်ငံတစ်နိုင်ငံ ချင်း အလိုက်သာမက အာဆီယံအပေါင်းသုံးနိုင်ငံများ၏ ရိက္ခာလိုအပ်ချက်ကိုဖြည့်ဆည်း နိုင်မည့်အပြင် ညီညွတ်ပေါင်းစည်းရေးရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ကာ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလတွင် ထိုင်းနိုင်ငံ၌ ပြုလုပ်ခဲ့သော အာဆီယံအပေါင်းသုံးနိုင်ငံများ၏ (၁၂)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးဆုံးဖြစ်ချက်နှင့် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဘရူနိုင်းဒါရုဆလင်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သော နဝမအကြိမ်မြောက် အာဆီယံ လယ်ယာ စိုက်ပျိုးရေးနှင့်သစ်တောဝန်ကြီးများ နှင့် အပေါင်းသုံးနိုင်ငံတို့၏ အစည်းအဝေး က  သဘောတူထောက်ခံချက်များအရ အရှေ့အာရှအရေးပေါ်ဆန်အရန်ရိက္ခာ (EAERR) မှ အာဆီယံအပေါင်းသုံးနိုင်ငံ အရေးပေါ် ဆန်အရန်ရိက္ခာ (APTERR)အဖြစ် ပြောင်းလဲ ဆောင်ရွက်ရန် သဘောတူညီမှုအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဖွဲ့ဝင်နိုင်ငံများ၌ အရေးပေါ်အခြေအနေများအရ လိုအပ်လာပါက APTERR က အရေးပေါ်သတ်မှတ်ချက်အဆင့် ၁ (Tier-1)အနေဖြင့် သတ်မှတ်ဆန်အားစီးပွားရေး နည်းလမ်းဖြင့် ဖြန့်ဝေခြင်း အစီအစဉ်ကိုလည်းကောင်း၊အရေးပေါ်သတ်မှတ်ချက်အဆင့် ၂ (Tier-2)အနေဖြင့် သတ်မှတ်ဆန်အားကာလရှည် ချေးငွေ/ အကူညီအညီဖြင့် ဖြန့်ဝေခြင်း အစီအစဉ်ကိုလည်းကောင်း၊ အရေးပေါ်သတ်မှတ်ချက် အဆင့် ၃(Tier-3)အနေ ဖြင့် သိုလှောင်ဆန်အားအကူအညီဖြင့်ဖြန့်ဝေခြင်းအစီအစဉ်ကိုလည်းကောင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ယနေ့ကျင်းပသည့် APTERR ကောင်စီ၏ ၈ ကြိမ်မြောက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် APTERR၏ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ လုပ်ငန်စဉ်များ အားသုံးသပ်ခြင်း နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဖေဖေါ်ဝါရီလ ၁၇ ရက် နှင့် ၁၈ ရက်နေ့များတွင် ဆွေးနွေးကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။