ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုးရေးသိပ္ပံဆရာများ၏ အရည်အသွေး မြှင့်တင်ရေး အတွက် မဲခေါင်-လန်ချန်း ဒုတိယအကြိမ်အထူးရန်ပုံငွေဖြင့် တိရစ္ဆာန် မွေးမြူရေး Animal Husbandry သင်တန်း ဖွင့်လှစ်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန အနေဖြင့် လယ်ယာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် အခြေခံအုတ်မြစ်ဖြစ်သည့် လူသားအရင်းအမြစ်များ ကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိရာ အလယ်အလတ်အဆင့်စိုက်ပျိုးရေးပညာရှင် များ ပြုစုပျိုးထောင်မှု၌   အရည် အသွေး ပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးသည် သင်ကြားပေး မည့် ဆရာ/ ဆရာမ များ ၏ သင်ကြားပေးနိုင်မှုစွမ်းရည်အပေါ်တွင် များစွာမူတည် လျက်ရှိသည့်အလျောက် ယနေ့ဖွင့်လှစ်မည့် တိရစ္ဆာန်မွေးမြူရေး Animal Husbandry သင်တန်း မှာ အရေးပါသည့်အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် က စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့်  တိရစ္ဆာန် မွေးမြူရေး Animal Husbandry သင်တန်း ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးလှကျော် က ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ် ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ ၊ တွဲဘက်ပါမောက္ခများ ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းပို့ချသည့် ဆရာ/ ဆရာမများ ၊ စိုက်ပျိုးရေးသိပ္ပံ ကျောင်းများမှ သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

သင်တန်းတက်ရောက်လာသော ဆရာ၊ ဆရာမများအနေဖြင့်လည်း ဤသင်တန်းတွင် ကိုယ်တိုင်ပါဝင်၍ တက်ကြွစွာ လေ့ကျင့်သင်ယူကြပြီး သင်တန်း တက်ရောက်ခွင့်မရရှိသေးသောအခြားဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူ များထံသို့ လက်ဆင့်ကမ်းပေးကြဖို့ တိုက်တွန်း ပါကြောင်း ဒုတိယဝန်ကြီး က အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း များနှင့်စီးပွားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် က မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စိုက်ပျိုးရေး ဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ ညွှန်ကြားရေးမှူး က မဲခေါင်-လန်ချန်း ဒုတိယအကြိမ် အထူး ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးခဲ့သည့် စီမံကိန်းဆိုင်ရာများ၊ ယနေ့ ဖွင့်လှစ် သည့်  တိရစ္ဆာန် မွေးမြူရေး Animal Husbandry သင်တန်း ဆိုင်ရာများကို ရှင်းလင်း တင်ပြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများအဖွဲ့ဝင်အဖြစ် ပါဝင် သည့် မဲခေါင်ဒေသတွင်းနိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် ဖြစ်သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်(Mekong-Lancang Cooperation)အထူးရန်ပုံငွေအဖွဲ့မှ ဒုတိယအသုတ်အနေဖြင့် စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန က တာဝန်ယူဆောင်ရွက်မည့် စီမံကိန်း (၁၁)ခု ရွေးချယ် ထောက်ပံ့မှု တွင် စိုက်ပျိုးရေးဦးစီးဌာန က စီမံကိန်း(၅)ခု ရရှိခဲ့၍ ဝန်ထမ်း လေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲက(၁)ခု ပါဝင်ပြီး စီမံကိန်း အရ စိုက်ပျိုးရေးသိပ္ပံဆရာများ၏ အရည်အသွေး မြှင့်တင်ရေး အတွက် အသက်မွေး ဝမ်းကြောင်းဆိုင်ရာ တစ်လသင်တန်း(၄)ခု ဖွင့်လှစ်ရန်ရှိသည့် အနက်   ယခု သင်တန်း သည် တတိယအကြိမ်ဖွင့်လှစ်ခြင်းဖြစ်သည်။

သင်တန်းတစ်ကြိမ်လျင် ဆရာ ဆရာမ (၃၀) ဦးတို့ကို သင်ကြားရေးစွမ်းရည် မြှင့်တင်ပေးနိုင်မည်ဖြစ်၍  ယန့အထိ ဆရာ ဆရာမ (၉၀)ဦး ကို လေ့ကျင့် ပျိုးထောင် ပေးနိုင်ခဲ့ကာ သင်တန်းတက်ရောက်ခဲ့ပြီးသော ဆရာ၊ဆရာမများ မှ ဆင့်ပွား သင်တန်းများ ပြန်လည်ပို့ချခြင်း ဆောင်ရွက်နိုင်ခဲ့သဖြင့် စီမံကိန်းတစ်ခုလုံး၏ ၇၅%  ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။