၂၀၂၂ ခုနှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနားကို အောက်တိုဘာလ ၁၆ရက်နေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံခြားသံတမန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လယ်ယာစီးပွားလုပ်ငန်းရှင်များ၊ ဆုရရှိ ကြသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ဗွီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် လူသားတို့ရှင်သန်မှုအတွက် လိုအပ်သည့် စွမ်းအင်ကို အစားအသောက်များမှ ရရှိခြင်းဖြစ်သည့်အတွက် စားနပ် ရိက္ခာဖူလုံရေးနှင့် အာဟာရ ပြည့်ဝရေးတို့သည် ကမ္ဘာ့လူသားများရှင်သန်နေထိုင်ရေးအတွက် အခြေခံအကျဆုံးနှင့်အဓိကအကျဆုံး မရှိမဖြစ်လိုအပ်ချက်များ ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ကမ္ဘာ့နိုင်ငံများ၌ကျင်းပလျက်ရှိသည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့သည် ကမ္ဘာသူ ကမ္ဘာသားများအတွက် အထူး အလေးထားရမည့်နေ့ဖြစ်ကြောင်း။
ကမ္ဘာပေါ်၌ အစာရေစာလုံလောက်စွာ စားသုံးနိုင်ခြင်းမရှိသူဦးရေသည် မြင့်တက်နေဆဲဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် စားနပ်ရိက္ခာမဖူလုံသူ လူဦးရေ ၈၂၈ သန်းကျော်ရှိ ကြောင်းနှင့် ပြီးခဲ့သည့် (၂)နှစ်အတွင်း စားနပ်ရိက္ခာ ချို့တဲ့သူဦးရေ ၁၃၅ သန်းမှ ၁၉၃ သန်းအထိ မြင့်တက် လာခဲ့ ကြောင်း ကို ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီးက ထုတ်ပြန်ထားကြောင်း။
ထို့ပြင် ယနေ့တစ်ကမ္ဘာလုံးရင်ဆိုင်နေကြရသည့် ကိုဗစ်-၁၉ ကပ် ရောဂါကူးစက် ပြန့်ပွားမှုကာလသုံးနှစ်အတွင်းထပ်ဆင့်လာသည့် နိုင်ငံ အချင်းချင်း ပဋိပက္ခများကြောင့် နိုင်ငံအသီးသီးတွင် စီးပွားရေးတုံ့ဆိုင်းမှု၊ ကျဆင်းမှု၊ ဈေးနှုန်းကြီးမြင့်မှုများနှင့် ရင်ဆိုင် နေကြရကြောင်း၊ အဆိုပါအခြေအနေများပေါင်းဆုံသည့်အခါ ပြည်တွင်းထုတ်လုပ်မှု ကွင်းဆက်များကို ပြတ်တောက်စေခဲ့ပြီး ပြည်သူများ၏ အသက်မွေး ဝမ်းကျောင်း အခွင့်အလမ်းများကိုပါ အကန့်အသတ်ဖြစ်စေခဲ့ကြောင်း၊ တစ်ဖက်တွင် တိုးပွားနေသည့် လူဦးရေအတွက် နေ့စဉ်စားရေ ရိက္ခာလိုအပ်မှုသည် မြင့်တက်နေဆဲဖြစ်၍ စိုက်ပျိုးထုတ်လုပ်မှုမလျော့ကျအောင် ထိန်းကျောင်းရန်နှင့် တိုးတက်ထုတ်လုပ်နိုင်ရန် အထူး လိုအပ်လာကြောင်း။
မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍသည် နိုင်ငံစီးပွားရေးကိုအဓိကမောင်းနှင်နေသည့် ကဏ္ဍကြီးဖြစ်ပြီး အခြားနိုင်ငံများနည်းတူ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက် ပြန့်ပွားမှုကို ရင်ဆိုင်ခဲ့ရသော်လည်း မိမိတို့အနေဖြင့် ပြည်သူပြည်သားများ၏ စားရေရိက္ခာဖူလုံရေးနှင့် အာဟာရ ပြည့်ဝရေးကို အဓိကထားကာ ပြည်တွင်းသီးနှံသားငါး ထုတ်လုပ်မှုများ ကျဆင်း မသွားအောင် နည်းလမ်းမျိုးစုံဖြင့် အဘက်ဘက်မှ ဆောင်ရွက် ခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး၏ ၂၃ ဒသမ ၇ ရာခိုင်နှုန်း ကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း၊ လယ်ယာသားငါးကဏ္ဍပို့ကုန် တန်ဖိုးအနေဖြင့် စုစုပေါင်းပို့ကုန် တန်ဖိုး၏ ၃၅ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ် ပထမ (၆)လတာကာလအတွင်း ပို့ကုန်တန်ဖိုးစုစုပေါင်း၏ ၃၄ ဒသမ ၆ ရာခိုင်နှုန်း တင်ပို့နိုင်ခဲ့ကြောင်း။
ထိုသို့ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် စိုက်ပျိုးမွေးမြူထုတ်လုပ်သူ တောင်သူလယ်သမားကြီးများနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်လျှောက် ပါဝင်သူများ၏ လက်မလျှော့တမ်း ကြိုးပမ်းမှုများကြောင့်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု အကျပ်အတည်းကြားမှ စားရေရိက္ခာထုတ်လုပ်မှုများမလျော့ကျဘဲ ပြည်တွင်းစားနပ်ရိက္ခာဖူလုံအောင် ကြိုးစားအားထုတ်ခဲ့ကြသည့် တောင်သူလယ်သမားကြီးများ အားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့်နိုင်ငံ၏ “စားနပ်ရိက္ခာ လူစွမ်းကောင်းများ” အဖြစ် ကမ္ဘာ့စားနပ် ရိက္ခာနေ့တွင် မှတ်တမ်းတင်ဂုဏ်ပြု ပြောကြားလိုကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ်ဖြစ်သည့် “တိုင်းပြည် သာယာဝပြောရေး” နှင့် “စားရေရိက္ခာဖူလုံရေး” ဆောင်ရွက်ရာတွင် လယ်ယာကဏ္ဍ ထုတ်လုပ်မှုတိုးတက်မြင့်မားရေးကို တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ သို့မှသာ တိုင်းရင်းသား ပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ၊ မြို့နယ်၊ ကျေးရွာအဆင့်အထိ၊ အလုပ်သမား၊ လယ်သမား၊ လူကြီး၊ လူငယ်၊ အမျိုးသမီး၊ ကလေး၊ မသန်စွမ်းသူ မည်သူမျှ မကျန်ရစေရဘဲ စားရေရိက္ခာ ဝဝလင်လင် ရရှိစားသုံးနိုင်မည် ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ မတူကွဲပြားသည့် ရာသီဥတု၊ ရေမြေသဘာဝ အခြေအနေများအရ သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်နိုင်စွမ်းရှိသည့်အတွက် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ပြည်ပပို့ ကုန်သီးနှံဖြစ်သော စပါးကို ဧက ၁၇ ဒသမ ၄ သန်း စိုက်ပျိုးခဲ့ပြီး အထွက်တင်းပေါင်း (၁၃၁၅) သန်း ထုတ်လုပ် နိုင်ခဲ့ကာ အခြားအရေးကြီးသီးနှံများဖြစ်သည့် ပဲမျိုးစုံ၊ ဆီထွက် သီးနှံနှင့် အစေ့ထုတ်ပြောင်း စသည့်သီးနှံမျိုးစုံတို့ကို နိုင်ငံတစ်ဝန်း စုစုပေါင်း စိုက်ဧက ၄၈ ဒသမ ၄၀ သန်းအထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ သီးနှံစုံထွက်ရှိသည့်ပမာဏသည် ယခင်ပုံမှန် ထွက်ရှိမှုထက် သိသိသာသာလျော့ကျမှု မရှိဘဲ စပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာနှင့် ချည်မျှင်ရှည်ဝါတို့သည် ယခင်နှစ်ထက် ပိုမိုထွက်ရှိခဲ့ကြောင်း။
မွေးမြူရေးကဏ္ဍအနေဖြင့် အသားထုတ်လုပ်မှု ပိဿာ ၃၆၀ ဒသမ ၁၄ သန်း၊ ဥပေါင်း ၁၈၂၂ ဒသမ ၂၂ သန်း၊ နို့ပိဿာ ၆၅၇ ဒသမ ၀၄ သန်း၊ ရေချိုငါး/ ပုစွန်ထုတ်လုပ်မှု ပိဿာ ၁၀၇၄ ဒသမ ၃၄ သန်း၊ ရေငန်ငါး/ ပုစွန်ပိဿာ ၁၁၄၇ ဒသမ ၃၇ သန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း။
စားသုံးဆီကို ပြည်ပမှတင်သွင်းမှုလျှော့ချနိုင်ရေးနှင့် ပြည်တွင်းစားသုံးမှု ဖူလုံစေရေး မြေပဲနှင့် နှမ်းအပြင်ဆီထွက်နှုန်းကောင်းမွန်သည့် ဆီအုန်း၊ နေကြာ၊ မုန်ညင်းနှင့် ပဲပုပ်တို့ကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်ခြင်း၊ ဖွဲနု၊ ဝါစေ့နှင့်ပြောင်းဖူး ကဲ့သို့သော ဘေးထွက်ပစ္စည်းများမှ ဆီထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းစားသုံးဆီဖူလုံစေရေးထုတ် လုပ်မှုကိုမြှင့်တင်ပြီး နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချနိုင်ရန် ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။
အဝတ်အထည်အတွက် အရေးကြီးသော ချည်မျှင်များဖူလုံစွာထုတ်လုပ်နိုင်ရန် “ဝါ” ကို အဓိကသီးနှံအဖြစ်မြှင့်တင်ဆောင်ရွက်ရေးနှင့် စက်မှုကဏ္ဍ ကုန်ချောထုတ်လုပ်မှု လုပ်ငန်းများ ခေတ်မီတိုးတက်စေရေးတို့အတွက် နိုင်ငံတော်အစိုးရက တွန်းအားပေး ဆောင်ရွက်လျက် ရှိကြောင်း။
ထို့ပြင် စားနပ်ရိက္ခာအတွက် အရေးကြီးသည့်သီးနှံများကိုဧရိယာတိုးချဲ့စိုက်ပျိုးခြင်းထက် သီးထပ်စွမ်းအားတိုးတက်စေရေး စီမံချက်များ ချမှတ်ဆောင်ရွက်ခြင်း၊ မျိုးကောင်းမျိုးသန့်များစျေးနှုန်းသက်သာစွာ ဖြန့်ဖြူးနိုင်ရေးနှင့် ပုဂ္ဂလိကမျိုးစေ့ထုတ် ကဏ္ဍ တိုးတက်လာစေရေး အတွက် ဌာန၊ သမဝါယမ၊ ကုမ္ပဏီစသည်တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း။
မျိုးစေ့ထုတ်လုပ်ခြင်း၊ ရာသီဥတုပြောင်းလဲမှုအပေါ်မူတည်၍ ရေမြေ၊ ဒေသ အလိုက် လိုက်လျောညီထွေဖြစ်မည့် သီးနှံပုံစံများပြောင်းလဲ စိုက်ပျိုးခြင်း၊ ဆည်ရေ လုံလောက်စွာ မရရှိသည့် ဒေသများတွင်ဝင်ငွေရရှိစေနိုင်မည့် သီးနှံများ ပြောင်းလဲ စိုက်ပျိုးခြင်းနှင့် သက်တမ်းတို ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်း၊ ဒေသဝမ်းစာဖူလုံရေး အစီအမံများ ချမှတ်အကောင်အထည်ဖော်ခြင်း၊ စိုက်ပျိုးနည်းပညာပေး လုပ်ငန်းများ မြှင့်တင်ခြင်းစသည့် လုပ်ငန်းများကို နေပြည်တော်ကောင်စီနယ်မြေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ဆောင်ရွက်လျက် ရှိကြရာ အောင်မြင်အောင်အကောင်အထည်ဖော် ဆက်လက်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။
ငါးသယံဇာတထိန်းသိမ်းပြီး ရေရှည်တည်တံ့စေရေးအတွက် ငါးမဖမ်းရ ရာသီ သတ်မှတ်ခြင်း၊ တရားမဝင်ငါးဖမ်းဆီးမှု ပပျောက်စေရေး အတွက် ငါးဖမ်းရေယာဉ် စောင့်ကြည့် ထိန်းချုပ်ရေးစနစ်နှင့်စောင့်ကြည့်ကြပ်မတ်ခြင်း၊ မျိုးစိတ်တစ်ခုချင်းအလိုက်နှင့် ငါးဖမ်းဧရိယာ အလိုက် ငါးမဖမ်းရနယ်မြေများ သတ်မှတ်ခြင်း၊ တားမြစ်ထားသည့် ငါးဖမ်းကိရိယာများဖြင့် ငါးမဖမ်းဆီးရေးအတွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် ငါးသယံဇာတတည်ရှိမှုအကဲဖြတ်လေ့လာဆန်းစစ်ခြင်း သုတေသနလုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ထို့ပြင် နိုင်ငံအတွင်း အာဟာရချို့တဲ့မှုနှုန်းမြင့်မားခြင်းကို လျှော့ချရန်ရည်ရွယ် ရေးဆွဲထားသည့် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသား အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ (၅) နှစ် စီမံကိန်း(၂၀၁၈-၂၀၂၃)ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ပြည်နယ်များနှင့် အခြားဖွံ့ဖြိုးမှု နောက်ကျနေသေးသည့် ဒေသများ တစ်ပြိုင်တည်းဖွံ့ဖြိုးလာစေရန် ကျေးလက်ဒေသ ပြောင်းလဲဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း။
ကျေးလက်ဒေသ ပြောင်းလဲဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် စိုက်ပျိုးထုတ်လုပ်မှု စွမ်းအားမြင့်မားခြင်း၊ စီးပွားရေးလုပ်ငန်းများဖြစ်ထွန်းခြင်း၊ ဈေးကွက်ဝင်ထုတ်ကုန်များ ပိုလျှံစွာထွက်ရှိခြင်း၊ ကွဲပြားခြားနားသည့်ထုတ်လုပ်မှုပုံစံနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပေါ်ထွန်း လာခြင်း လုပ်ငန်းများဖြစ်ပေါ်စေရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဒေသ အလိုက်သင့်လျော်သည့် လယ်ယာပြင်ပလုပ်ငန်းများ၊ စွန့်ဦးတီထွင်မှု အခွင့်အလမ်းများ၊ ဒေသဖွံ့ဖြိုးမှုအတွက်သက်ဆိုင်သည့် မူဝါဒချမှတ်မှုများတွင်ပါဝင်နိုင်စွမ်းများ မြင့်မား လာရမည်ဖြစ်ကြောင်း၊ ကျေးလက်ပြည်သူများသည် အဆိုပါအခွင့်အလမ်းများနှင့် အကျိုးတရားများကိုရရှိမည်ဖြစ်သကဲ့သို့ ကျေးလက်ဒေသ စီးပွားရေး နှင့် ဖွံ့ဖြိုးမှုကို ကျယ်ကျယ် ပြန့်ပြန့်မြင့်မားစေပြီး လူတိုင်းစေ့ငှသည့် ရေရှည်တည်တံ့ဖွံ့ဖြိုးသော ကျေးလက်ဒေသများ ပေါ်ထွက်လာမည် ဖြစ်ကြောင်း။
ကျေးလက်ဒေသ ပြောင်းလဲဖွံ့ဖြိုးခြင်းဖြင့် မြေယာပိုင်ဆိုင်မှု၊ နည်းပညာအသုံးပြုမှု၊ ကျေးလက်နေပြည်သူများ၏ စွမ်းဆောင်နိုင်မှု၊ မြို့ပြရောက်လုပ်သားများပြန်လည်ကူးလူး ပြောင်းရွှေ့လာမှုများဖြစ်ပေါ်လာပြီး ကျေးလက်ဒေသအတွက် ဘက်စုံအကျိုးတရားများ ရရှိမည်ဖြစ်ကြောင်း၊ နောက်ဆုံးတွင် လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြီးပြည့်စုံသည့် ပြောင်းလဲမှုများကို ကျေးလက်နေ ပြည်သူများရရှိစေမည်ဖြစ်ကြောင်း။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျေးလက်သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်ခြင်း၊ စီးပွားရေးလုပ်ဆောင်နိုင်ရေး အရင်းမပျောက်မတည်ငွေထူထောင်ပေးခြင်း၊ အသက် မွေးဝမ်းကျောင်း ဆိုင်ရာ သင်တန်းများဖွင့်လှစ်ပေးခြင်း၊ ပြည်သူများ၏ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကာကွယ်ရေးတို့ကို ဌာန အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်စေခြင်း၊ တစ်နိုင်တစ်ပိုင်အိမ်တွင်းမှု ကုန်ထုတ်လုပ်ငန်းများကို နည်းပညာ၊ အရင်းအနှီး၊ ဈေးကွက် ရရှိစေရေး လူမှုအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေးခြင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း။
ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ထိခိုက်ခဲ့ရသည့် စီးပွားရေးဖွံ့ဖြိုးမှုကို ပြန်လည်မြှင့်တင်နိုင်ရန်၊ ငွေကြေးမတည်ငြိမ်မှုကြောင့် ရိုက်ခတ်လျက်ရှိသည့် အကျိုးဆက်များမှ ကာကွယ်နိုင်ရန်၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဈေးကွက်လိုအပ်ချက်နှင့် ပြည်တွင်း ထုတ်လုပ်မှုဟန်ချက်ညီစေရန် ပြည်နယ်များနှင့် အခြားဖွံ့ဖြိုးမှု နောက်ကျနေသေးသော ဒေသများဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးခြင်းဖြင့် မြို့ပြနှင့် ကျေးလက်ကွာဟမှုကို လျှော့ချပေးနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအဖြစ် ကျပ်ဘီလီယံ (၄၀၀) ထူထောင်ပြီး အကျိုးတူလယ်ယာစနစ်ကို တိုင်းဒေသကြီးများနှင့် မြစိမ်းရောင်စိုက်ပျိုးမွေးမြူရေးစီမံကိန်းများကို ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ၌ ဆောင်ရွက်သွားရန်စီမံ ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း။
ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး၏ ယခုနှစ်ကမ္ဘာ့စားနပ်ရိက္ခာနေ့ ဆောင်ပုဒ်မှာ “Leave no one behind. Better Production, Better Nutrition, a Better Environment and a Better Life” “ထွက်ကုန်မြှင့်တင်တိုးထုတ်လျှင် ကောင်းမွန်ပြည့်ဝ အာဟာရ၊ ဝန်းကျင်လှပ တို့ဘဝ၊ လူတိုင်းစေ့ငှရရှိကြ” ဟု ချမှတ် တိုက်တွန်းနှိုးဆော်ထားကြောင်း။
မိမိတို့အစိုးရသည် ပြည်သူပြည်သားအားလုံး နေ့စဉ်စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝရေး၊ ကျေးလက်ဒေသနေပြည်သူအားလုံး၏ လူမှုစီးပွားဘဝနှင့်လူနေမှု အဆင့်အတန်းမြင့်မားလာရေး၊ တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်ရေး၊ ဒေသအသီးသီး အချိုးညီ ဖွံ့ဖြိုးလာရေး နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို အလေးထား၍ ပြည်သူကိုဗဟိုပြုဆောင်ရွက်လျက်ရှိကြောင်း။
လယ်ယာကဏ္ဍ လုပ်ငန်းနယ်ပယ်အသီးသီး၌ပါဝင်သူအားလုံး၏ စိတ်အားထက် သန်စွာပါဝင်မှုနှင့် လယ်ယာကဏ္ဍထွက်ကုန်များ မြှင့်တင်တိုးထုတ်နိုင်ရေး တက်ညီ လက်ညီ အားထုတ်ကြိုးပမ်းကြမည်ဆိုလျှင် ကောင်းမွန်ပြည့်ဝသည့် စားနပ်ရိက္ခာနှင့် အာဟာရကို တစ်ယောက်မကျန်အားလုံးရရှိကြပြီး ပြည့်စုံပျော်ရွှင်သော လူမှုဘဝနှင့် သာယာလှပသည့် သဘာဝပတ်ဝန်းကျင်ကို ဖန်တီးနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ၂၀၂၂ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနားနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်းအနားတွင် မြန်မာနိုင်ငံ၏ သီးနှံ၊ သားငါး၊ ရိက္ခာထုတ်လုပ်မှုစနစ် ပိုမိုတိုးတက်ကောင်းမွန်လာရေး ကြိုးပမ်းကြရန်အတွက် ရည်ရွယ် ပြီး သီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ မွေးမြူရေးလုပ်ငန်း၊ ငါးလုပ်ငန်း၊ ဆည်ရေအသုံးချမှု စီမံခန့်ခွဲမှုနှင့် သစ်တောစိုက်ခင်း ဆောင်ရွက်မှုတို့တွင် ထူးချွန်စွာဆောင်ရွက်ခဲ့သည့် တောင်သူများ၊ လုပ်ငန်းရှင်များ၊ အဖွဲ့များအား ထူးချွန်ဆုများ ချီးမြှင့်ပေးအပ်မည့် အခြေအနေများနှင့် လယ်ယာကဏ္ဍနှင့် စားနပ်ရိက္ခာ အာဟာရပြည့်ဝရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ပြုလုပ်သော ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ၏ World Food Day 2022 Video Message နှင့် ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ် မှတ်တမ်း Video Clip ကို ပြသသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုးနှင့် ဦးခင်မောင်ရီတို့က ကမ္ဘာစားနပ်ရိက္ခာနေ့အထိမ်းအမှတ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကြပြီး တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ မြန်မာနိုင်ငံစားနပ်ရိက္ခာ ဖူလုံရေး ဆိုင်ရာ မှတ်တမ်းနှင့်ပိုစတာ များကိုကြည့်ရှုခဲ့ကြကြောင်း သိရသည်။