မြန်မာ့ကော်ဖီသည် ကမ္ဘာ့ကုန်စည်ဈေးကွက်တွင်အထူးတန်းဝင်ကော်ဖီ(Myanmar Speciality Coffee) အဖြစ် နေရာတစ်ခု အခိုင်အမာရရှိထားပြီး ဥရောပ၊ အမေရိက နှင့် ဂျပန်နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်းများစွာသို့ တင်ပို့လျက်ရှိရာ ဈေးကောင်းရရှိ နေသည်မှာ(၈)နှစ်ကျော်ခန့်ရှိပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ အရည်အသွေးကောင်း ကုန်းမြင့် ကော်ဖီ နှင့် မြေပြန့်ကော်ဖီမျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်သည့် ရေမြေရာသီဥတုအခြေခံ ကောင်းသောဒေသများစွာရှိနေရာကော်ဖီအဓိက တင်ပို့သည့်နိုင်ငံအဖြစ် ရပ်တည်နိုင်ရေး အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန က မြန်မာနိုင်ငံကော်ဖီအသင်း(MCA) နှင့် သက်ဆိုင်ရာအသင်းအဖွဲ့များ၊ ပုဂ္ဂလိကများ၊ ကော်ဖီ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကော်ဖီသီးမှည့်ကို စတင်ဆွတ်ခူးသည်မှ သောက်သုံးသည့်အဆင့်အထိ လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ကော်ဖီအရည်အသွေးကောင်းမွန်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းများရှိ သကဲ့သို့ ကော်ဖီဆံအရည်အသွေးစစ်ဆေးခြင်းနှင့် ကော်ဖီသောက်သုံးမှုအရည်အသွေး စမ်းသပ်အကဲဖြတ်ခြင်းသည်လည်းအရေးကြီးသော နည်းပညာရပ်တစ်ခုအဖြစ် ပါဝင်လျက် ရှိရာ ကော်ဖီလုပ်ငန်းရှင်များ နှင့် ကော်ဖီလုပ်ငန်းကိုဝင်ရောက်လုပ်ကိုင်လိုသူများ Coffee Crop to Cup အသိပညာ ဗဟုသုတများ ရရှိစေရန် ကော်ဖီဆံအရည်အသွေးစစ်ဆေးခြင်းနှင့် ကော်ဖီသောက်သုံးမှုအရည် အသွေး စမ်းသပ်အကဲဖြတ်ခြင်း နည်းပညာဆိုင်ရာ အခြေခံ အခြေခံသင်တန်းကို မဲခေါင်–လန်ချန်းအထူးရန်ပုံငွေဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(ပွေးတောင်)ရှိမြန်မာနိုင်ငံကော်ဖီအသင်း ၏ ကော်ဖီဆိုင်ရာအသိပညာပေးစင်တာ(Coffee Knowledge Center)၌ အောက်တိုဘာလ (၅)ရက်နေ့မှ (၆)ရက်နေ့အထိ(၂)ရက်သင်တန်းဖွင့်လှစ်လျက်ရှိသည်။
အဆိုပါသင်တန်းဖြစ်မြောက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ–ရာသီ သီးနှံဌာနခွဲ၊မြန်မာနိုင်ငံ ကော်ဖီ အသင်း (MCA) နှင့် မန္တလေးကော်ဖီအုပ်စု(MCG)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ သင်တန်းတွင် ကော်ဖီကောင်းတစ်ခွက် ရရှိနိုင်ရန်ကော်ဖီသီးမှည့်ကို စတင်ဆွတ်ခူးသည်မှ ကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းစဉ် တစ်လျှောက် လုံး နှင့် သိုလှောင်ထိန်းသိမ်းခြင်း၊ ကော်ဖီလှော်ခြင်း၊ အမှုန့်ကြိတ်ခြင်း၊ ကော်ဖီဖျော်စပ်ခြင်းမှ သောက်သုံးသည့်အဆင့်ထိ အဆင့်တိုင်း၏ အရေးပါမှုတို့ကို သက်ဆိုင်ရာပညာရှင်များက ပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် သင်တန်းသား သင်တန်းသူ(၁၀)ဦးတို့ တက်ရောက်လေ့လာလျက်ရှိပြီး ကော်ဖီဆံအရည်အသွေးစစ်ဆေးခြင်းနှင့် ကော်ဖီသောက်သုံးမှုအရည် အသွေး စမ်းသပ်အကဲဖြတ်ခြင်း နည်းပညာဆိုင်ရာ အခြေခံ အခြေခံသင်တန်းများ ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံ ကော်ဖီ အသင်း (MCA)တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။