Covid-19 ကပ်ရောဂါအလွန် စီးပွားရေးထိခိုက်မှုကို ပြန်လည်ကုစားရန်၊ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်၊ မှိုစိုက်ပျိုး ထုတ်လုပ်ခြင်း ဖြင့် အချိန်တိုအတွင်း ဝင်ငွေရရှိစေရန်နှင့် တစ်နိုင် တစ်ပိုင် စိုက်ပျိုးထုတ်လုပ်ခြင်း မှ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးလာရေး အတွက် မှိုစိုက်ပျိုး ထုတ်လုပ်နည်း သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ (၁၀)မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်း တွင် စက်တင်ဘာလ (၇)ရက်နေ့ က မှိုမျိုးစုံမွေးမြူစိုက်ပျိုး ထုတ်လုပ်နည်းသင်တန်း အမှတ်စဉ်(၃/၂၀၂၂) သင်တန်းဖွင့်ပွဲကိုကျင်းပခဲ့ရာ သင်တန်းသို့ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ကရင်၊ ရှမ်း နှင့် ရခိုင်ပြည်နယ် စသည့် ဒေသ(၉)ခုမှ မှိုစိုက်ပျိုးရေးလုပ်ငန်း စိတ်ပါဝင်စားသူတောင်သူ(၂၉)ဦး တို့ တက်ရောက်လေ့လာလျက်ရှိကြသည်။
တိုင်းဒေသကြီး ပြည်နယ် အသီးသီးမှ မှိုစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းစိတ်ဝင်စားသူများအား နည်းပညာများဖြန့်ဝေပေးနိုင်ရန်ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး (၇)ရက်ကြာ စာတွေ့လက်တွေ့ ပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းဖွင့်ပွဲသို့ ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်ဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ မှိုပညာရှင် သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။