ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တောင်သူများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ အကြား အကျိုးတူပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်လုပ်ကိုင်နိုင်ရေးဆွေးနွေး

မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေကြသည့် တောင်သူ လယ်သမားများ နှင့် တန်ဖိုးကွင်းဆက် တစ်လျှောက်ရှိ တောင်သူများ၊ ကုမ္ပဏီများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့် အသင်းအဖွဲ့များအကြား ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာစေရန် နှင့် စနစ်တကျ ဆောင်ရွက်နိုင်ရန် အတွက် ကန်ထရိုက်လယ်ယာ စနစ် ဆောင်ရွက်ရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများကို အလေးထား လိုက်နာ ကျင့်သုံးကြစေလိုကြောင်း၊ သြဂုတ်လ(၂၁)ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ ပြည်နယ် ဦးစီးမှူးရုံးဧည့်ခန်းမ၌ ကုမ္ပဏီများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က ဆွေးနွေးမှာကြားသည်၊၊

တွေ့ဆုံပွဲတွင် ငွေရည်ပုလဲကုမ္ပဏီလီမိတက် သကြားစက်ရုံ နှင့် တောင်သူများ ပူးပေါင်း၍ အကျိုးတူကန်ထရိုက်လယ်ယာစနစ်ဖြင့် နှစ်အလိုက် ကြံစိုက်ပျိုး ထုတ်လုပ် မှုအခြေအနေ၊ အကျိုးတူတောင်သူများအား သွင်းအားစု ထုတ်ပေးခြင်း၊ ထွန်စက်နှင့် ကြံစိုက် ကိရိယာများ အရစ်ကျ ရောင်းချပေးခြင်း၊ ဒေသဖွံ့ဖြိုး‌ရေးဆောင်ရွက်ပေးမှု အခြေအနေများကိုလည်းကောင်း၊ ကျောက်ဆည်ဆစ် ကုမ္ပဏီ က ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ လားရှိုးမြို့နယ်များတွင် ဒေသခံတောင်သူများနှင့် အကျိုးတူ ပိုးမွေးမြူခြင်း ဆောင်ရွက်နေမှု အခြေအနေ များ ကိုလည်းကောင်း၊ မြန်မာ ရွှေဧရာကုမ္ပဏီနှင့် တောင်သူများ အကျိုးတူပူးပေါင်း၍ လားရှိုး၊ မိုင်းရယ်၊ တန့်ယန်း မြို့နယ်များတွင် ပြောင်းစိုက်ပျိုးခြင်းနှင့် တန့်ယန်း၊ သိန္ဒီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ မိုင်းရယ်၊ မိုင်းကိုင် မြို့နယ်များတွင် စပါးစိုက်ပျိုးနေမှု အခြေအနေများ ကိုလည်းကောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက တောင်သူ တစ်ဦးချင်း ၏ အကျိုးအမြတ် ပိုမိုဖြစ်ထွန်းရေး နှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်ရန် လိုအပ်ချက်များ ၊ ကုန်ကြမ်းသီးနှံ နှင့် တန်ဖိုးမြင့်ကုန်‌ချောများ ဈေးကွက်ရရှိရေး၊ စိုက်ပျိုးမွေးမြူသူတောင်သူများ အတွက် လိုအပ်သော အသိပညာများနှင့် နည်းပညာများ ပံ့ပိုးဆောင်ရွက် ပေးကြရန် လိုအပ်ချက်များအား ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ လားရှိုးမြိုနယ်၊ ဝန်တင်တပ်ရင်း တွင် လား မျိုးစပ်သားဖောက် မွေးမြူထားရှိမှုများကို လည်းကောင်း၊ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး တပ်ရင်း အသားတိုး ဝက် မွေးမြူရေးခြံနှင့် ဝက်သားပေါက် မွေးမြူရေးခြံသို့ လည်းကောင်း၊ ဥစားကြက်မွေးမြူ ရေးခြံ သို့လည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်း ရရှိသည်။