ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရှမ်းပြည်နယ်မြောက်ပိုင်း ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး နှင့်  သောက်သုံးရေဖူလုံရေး တိုးမြှင့်ဆောင်ရွက်

 

စက်မှုလယ်ယာစနစ် သို့ လျင်မြန်ထိရောက်စွာ ပြောင်းလဲကျင့်သုံးနိုင်ရေး အတွက် လယ်ယာသုံးစက်ကိရိယာဆိုင်ရာ ကျွမ်းကျင်သော လူသား အရင်း အမြစ်များ တိုးပွားလာစေရန် စက်မှုလယ်ယာ စက်မောင်း စက်ပြင်သင်တန်းများ တိုးချဲ့ ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း၊ ကုန်းမြင့်လယ်ယာမြေများ ဖော်ထုတ်အသုံးပြုရာတွင် လိုအပ် သော ခေတ်မီ နည်းစနစ်များ အသုံးချနိုင်ရေးအတွက် ဌာန နှင့် တောင်သူများ အကြား ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊  သြဂုတ်လ(၂၀)ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လာရှိုးမြို့၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၆၅) စခန်း၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က ဆွေးနွေးမှာကြားသည်။

စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၆၅) စခန်း၊ လားရှိုး တွင် စက်မှုလယ်ယာစနစ် ကျင့်သုံးနိုင်သော လယ်ယာမြေနှင့် စိုက်ပျိုးမြေများ တိုးတက်ပေါ်ထွန်းလာစေရေး အတွက် စက်ပိုင်းဆိုင်ရာ ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရေး သင်တန်းများ ၊ ကုန်းမြင့်လယ်ယာမြေ ဖော်ထုတ်အသုံးပြုနိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပြီး လယ်ယာသုံး စက်ကိရိယာများ ကိုင်တွယ်အသုံးပြုခြင်း ၊ ပြုပြင်ထိန်းသိမ်းခြင်း နည်းပညာ၊ အတတ်ပညာများကို တောင်သူ မိသားစုများကိုယ်တိုင် ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ရေး၊ ပုဂ္ဂလိက လယ်ယာ ဝန်ဆောင်မှုလုပ်ငန်းခွင် မှ လုပ်သားများ၏ စွမ်းဆောင်ရည်ပြည့်ဝရေး သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်းသိရသည်။

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် အမှတ်(၆၅)ထွန်စက်စခန်း ၏ စက်ကရိယာများ ၊ စက်ကရိယာ ပြုပြင်ခြင်းလုပ်ငန်းများ ၊ အမှတ်(၁) ကုန်းမြင့်ဒေသ လယ်ယာမြေ ဖော်ထုတ်ရေး စီမံကိန်းလုပ်ငန်းများ၊ ကုန်းမြင့်လယ်ယာမြေ မိုးစပါး ထွန်ယက်စိုက်ပျိုး နေမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

ထို့‌နောက် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး တွင် စိုက်ပျိုးထား သည့် အစေ့ထုတ်ပြောင်းမျိုးယှဉ်ပြိုင် စမ်းသပ်ကွက်ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် စပါးပြီးလျှင်   အစေ့ထုတ်ပြောင်း ကို ဒုတိယအများဆုံး စိုက်ပျိုး သည့် စျေးကွက်ဝင်သီးနှံတမျိုး ဖြစ်သည့်အပြင် ပြောင်းချဉ်ဖတ် ( Maize Silage)အဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိသည့် သီးနှံဖြစ်သည့် အတွက် စိုက်ပျိုးသူများ ဝင်ငွေတွက်ချေကိုက်မည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုး နိုင်ရေး၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနိုင်းပြီး စျေးကွက်ခိုင်မာစေရေး ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်၊၊

ဆက်လက်၍ လာရှိုးမြို့နယ်၊ နမ့်ကျန်ကျေးရွာအနီး နမ့်ကျန်ချောင်းပေါ် တွင် တည်ဆောက်ထားသည့် နမ့်ကျန်ရေလှောင်တမံ  ၊ ဟူးမွန်ကျေးရွာ နမ်းသျှိုချောင်း ပေါ်တွင် တည်ဆောက်ထားသော ဟူးမွန်ရေလှောင်တမံ ၊ မန်ဆူကျေးရွာအနီးရှိ ကောက်ကွေ့ ရေလှောင်တမံများ ၏ ဝင်ရေသိုလှောင်ထားရှိမှုနှင့် တမံကြံ့ခိုင်မှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆည်ရေ ဝင်ရောက်မှု အခြေအနေ နှင့် ဒေသနေ ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေမှုအခြေအနေများကိုလည်းကောင်း၊ လားရှိုးမြို့နယ် ၊ ကုန်းညောင် ကျေးရွာအနီး နမ့်မော်ဆုံချောင်းပေါ်တွင် ရေလှောင်တမံ တစ်ခု တည်ဆောက်နိုင်ရန် စူးစမ်းလေ့လာတိုင်းတာမှုများ ပြုလုပ်ခဲ့မှုနှင့် ရေလှောင် တမံ တည်ဆောက်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်း တင်ပြ ကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က လားရှိုးမြို့ သောက်သုံးရေ ဖူလုံစွာစေရန် ရေအရင်းမြစ်များ ပိုမိုရရှိစေရေးအတွက် စူးစမ်း ရှာဖွေမှုများ ဆောင်ရွက်ရန် လိုအပ် ချက်များ၊ ရေသယံဇာတအရင်းအမြစ်များအား ထိန်းသိမ်းရန် နှင့် ရေအလေအလွင့် မဖြစ်စေရေး စနစ်တကျဆောင်ရွက်ကြရန်လိုအပ်ချက်များ၊ သောက်သုံးရေ ဖြန့်ဝေရေး စနစ်များ တိုးတက်ကောင်းမွန်အောင် တစ်ပြိုင်တည်း ဆောင်ရွက် ကြရန် လိုအပ်ချက်များ အား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။