သတင်းကဏ္ဍ

နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီ အစည်းအဝေး (၇/၂၀၂၂)တွင် ပြောကြားခဲ့သည့် နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ၏ အမှာစကားများမှ လယ်ယာကဏ္ဍ ဆိုင်ရာ ကောက်နုတ် ချက်

၂၀၂၂ခုနှစ် ဩဂုတ်လ(၁၆)ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေး (၇/၂၀၂၂)တွင် ပြောကြားခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ၏ အမှာ စကားများမှ လယ်ယာကဏ္ဍ ဆိုင်ရာ လမ်းညွှန်ချက်များကို ကောက်နုတ် ဖော်ပြ ပါသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ တက်ရောက် ကြသည်။

နိုင်ငံစီးပွားဖွံ့ တိုးတက်ရေးအတွက် ရံပုံငွေထုတ်ပေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြား ရာတွင် ပြီးခဲ့သည့် အပတ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများကို တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့ကြောင်း၊ မိမိတို့ တာဝန် ထမ်းဆောင် ခဲ့သည့် တစ်နှစ်ခွဲ ကာလ အတွင်း နိုင်ရေးအရ အကြပ် အတည်းများ၊ ကိုယ်ဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်လာသည့် ဆေးကုသရေး၊ ကာကွယ်ရေး၊ စီးပွားရေး အကြပ်အတည်းများကို ဖြေရှင်း ဆောင်ရွက် ခဲ့ရကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် လုပ်ငန်း ဆောင်ရွက်ချက် များ ကို သိရှိရန်နှင့် နိုင်ငံတော်အစိုးရ၏ လုပ်ငန်း ဆောင်ရွက်ချက်နှင့် တိုးတက်မှုများကို ပြည်သူများ သိရှိစေရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ထိရောက်သည့် အစည်းအဝေးတစ်ရပ်ဖြစ်ခဲ့ကြောင်း၊ ယခင် အစိုးရ လက်ထက်များ က စီမံကိန်းကော်မရှင်၊ ဘဏ္ဍာရေး ကော်မရှင်အစည်းအဝေးများသာ ရှိခဲ့ကြောင်း။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနှင့် တိုင်းများအနေဖြင့် သက်ဆိုင်ရာအဆင့်အလိုက် ဆောင်ရွက်နိုင်သည့် အခွင့်အရေးများရှိကြောင်း၊ အဆိုပါ ဆောင်ရွက် ချက်များနှင့် အတွေ့အကြုံများအပေါ်တွင် မူတည်၍ တိုင်းရင်းသားများ၊ နိုင်ငံရေး ပါတီ များ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ပြောကြား နေသည့် အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ကဏ္ဍအလိုက် လိုအပ်ချက်များ ကို သိရှိနိုင်မည် ဆိုပါက ကောင်းမွန်သည့် ရလဒ်တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း၊ အဆိုပါအစည်းအဝေး အပြီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနှင့် တိုင်းများ အား နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ရံပုံငွေများကို ထုတ်ပေးခဲ့ကြောင်း။

နိုင်ငံ၏စီးပွားရေးကို တိုက်ရိုက် အထောက်အကူ ပြုစေမည့် စပါးစိုက်ပျိုးရေးနှင့် ပဲစိုက်ပျိုးရေး လုပ်ငန်းများကို အားပေး ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် မိုးစပါးစိုက်ဧက ၁၅ သန်းခန့်ရှိပြီး မိုးစပါးစိုက်ပျိုးရန်အတွက် အချိန်ကာလ ဝေးနေ သေးကြောင်း၊ ထို့ကြောင့် အဆိုပါရံပုံငွေများကို စောလျင်စွာ အသုံးချနိုင်ရေးအတွက် နွေစပါး စိုက်ပျိုးရေးကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ ပဲတီစိမ်း သည်လည်း ပြည်ပသို့ တင်ပို့ နိုင်သည့် ဈေးကွက်များရှိခြင်းကြောင့် ပဲတီစိမ်းများ စိုက်ပျိုးနိုင်ရေးအတွက် အားပေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ နွေစပါးစိုက်ပျိုးမှုနှင့် ပဲတီစိမ်း စိုက်ပျိုး မှု မရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ဒေသများ အတွက်လည်း တစ်ပြေးညီဖြစ်စေရေး ထိုက်သင့်သည့် မတည် ငွေများ ထုတ်ပေးခဲ့ကြောင်း၊ ဒေသအလိုက် မြစိမ်းရောင် စီမံကိန်းများ အတွက် လွတ်လပ်စွာ ဆောင်ရွက်နိုင်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကြောင့် ကျဆင်းသွားသည့် စီးပွားရေးကို ပြန်လည်မြှင့်တင် ဆောင်ရွက် နိုင် စေရန် အတွက် ယခုကဲ့သို့ ရံပုံငွေများ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း။

နွေစပါးနှင့်ပဲတီစိမ်းစိုက်ပျိုးမှုကို ဦးစားပေး ဆောင်ရွက် ခဲ့ခြင်းသည် ငွေရမြန်သည့် မတည်ငွေ (Quick Win) ဖြစ်သည့် အတွက် လာမည့် မိုးစပါး ကာလတွင် နွေသီးနှံများမှ ရရှိလာမည့် အကျိုး အမြတ် များမှ မြေဩဇာများ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အဆိုပါ ရံပုံငွေများ ကို ပေးအပ်ရာတွင် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည် မြေဩဇာ၊ ပိုးသတ်ဆေးစသည့် စိုက်ပျိုးရေး လုပ်ငန်းသုံး ပစ္စည်းများကို ထုတ်ပေး သွားမည်ဖြစ်ကြောင်း၊ တောင်သူများ အနေဖြင့် ငွေကြေးစိုက်ထုတ်ရန်မလိုအပ်ဘဲ ထိုက်သင့်သည့် အကျိုးအမြတ်များ ရရှိမည်ဖြစ်ကြောင်း၊ စိုက်ပျိုး တောင်သူ များ မှ ရှေးယခင်ကာလများက နိုင်ငံတော် မှ ချေးယူထားပြီး ဆပ်ရန် ကျန်ရှိ နေသေးသည့် စိုက်ပျိုးရေးချေးငွေများကို ယခုရရှိမည့် အကျိုး အမြတ်များ ထဲမှ ထိုက်သင့်သလို ပြန်လည် ပေးဆပ်ရန် ဖြစ်ကြောင်း၊

စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သမဝါယမအစုအဖွဲ့ဝိုင်းကြီးချုပ်စနစ်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နွေစပါး စိုက်ပျိုးရန် လိုအပ် သည့် မြေဩဇာ၊ ရေနှင့်မျိုးများ ရရှိအောင် မိမိတို့ အနေဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပြီး စိုက်ဧက တစ်ဧက လျှင် အနည်းဆုံး တင်း ၁၀၀ ထွက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နောက်တစ်နှစ် မိုးစပါး စိုက်ပျိုးမှု နှင့် နွေစပါးစိုက်ပျိုးမှုအတွက် စိုက်ပျိုးရေးစရိတ်များ ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ အခြားပိုလျှံသည့် ငွေများမှ ပဲသီးနှံများ၊ ဝါနှင့် အခြား သီးနှံများစိုက်ပျိုးရေးအတွက် စိုက်ပျိုးရေး စရိတ်များ ထုတ်ပေးသွားနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက် ခြင်းဖြင့် ၂၀၂၄ နှစ် မိုးရာသီတွင် မိုးသီးနှံများ၏ ၅၀ ရာခိုင်နှုန်း ခန့် ကိုစိုက်ပျိုးရေးစရိတ်များ ထုတ်ပေး နိုင်ရန် မျှော်မှန်းထားကြောင်း၊ ၂၀၂၄ ခုနှစ် နှစ် ကုန်ပိုင်း တွင် မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းမှာ နှစ်ဆပြောင်းလဲသွား မည် ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ချိန်တွင် တောင်သူ လယ်သမားများ အနေဖြင့် စိုက်ထုတ်မှု အနည်းဆုံးဖြင့် ဆောင်ရွက် နိုင်ရန် တွက်ချက်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ဒေသများသို့ ပေးအပ်ထားသည့် မြစိမ်းရောင် စီမံကိန်း ရံပုံငွေများ သည် ဝိုင်းကြီးချုပ် စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သဖြင့် နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ တိုးပွားမှုများ ရှိလာမည် ဖြစ်သဖြင့် ဒေသအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံစီးပွား တိုးတက်ရေး အတွက် ယခုကဲ့သို့ ရံပုံငွေ ထုတ်ပေး ခြင်း သည် နိုင်ငံအတွက် အားတစ်ခု ဖြစ်မည်ဟု ယုံကြည်ကြောင်း။

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း ၌ ထုတ်ကုန်များ လုံလောက်စွာ ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရန် လိုအပ်မှု

နိုင်ငံတစ်ခု၏စီးပွားရေးသည် နိုင်ငံရေးနှင့် ဆက်စပ်လျက် ရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ စီးပွားရေးအား ကောင်းမွန်ရန် လိုအပ် ကြောင်း၊ စီးပွားရေးဟုဆိုရာတွင် ထုတ်လုပ်မှုအပိုင်းနှင့် ကုန်သွယ်မှုအပိုင်းဟူ၍ နှစ်မျိုးရှိပြီး ပစ္စည်းရှိမှသာ ကုန်သွယ်မှု ပြုနိုင်မည် ဖြစ်ကြောင်း၊ စင်ကာပူနှင့် ဟောင်ကောင်ကဲ့သို့သော နိုင်ငံများသည် အခြားနိုင်ငံများမှ ထုတ်လုပ် သည့် ထုတ်ကုန်များဖြင့် ကုန်သွယ်ရေး ဆောင်ရွက်၍ နိုင်ငံစီးပွားရေး တိုးတက် ဖွံ့ဖြိုးရေး ဆောင်ရွက်လာသည့် နိုင်ငံများ ဖြစ် ကြောင်း၊ ၎င်းနိုင်ငံများတွင် ကုန်ထုတ်လုပ်မှု နှင့် ပတ်သက်၍ စက်ရုံကြီးများ မရှိဘဲ အသေးစား နှင့် အလတ်စား စက်မှုလုပ်ငန်းများသာရှိသည်ကို လေ့လာ တွေ့ရှိရကြောင်း၊ မိမိတို့ နိုင်ငံ တွင် ကုန်သွယ် ရေး နှင့် ထုတ်လုပ်ရေး လုပ်ငန်း နှစ်မျိုးလုံး ဆောင်ရွက် ၍ ရကြောင်း။

ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးအတွက် ဆောင်ရွက် ရာတွင် စိုက်ပျိုးရေးထွက်ကုန်များ တိုးတက်အောင် ဆောင်ရွက်၍ ရကြောင်း၊ ရောင်းချ ရန် အတွက် လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်မှု သည် စီးပွားရေးစက်ဝန်းတွင် များစွာအကျိုးရှိသဖြင့် ထုတ်လုပ်မှုကို အားပေးခြင်းဖြင့် ပြည်သူများ၏ စီးပွားရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းရှိအောင် ကြိုးပမ်း၍ ကုန်သွယ်မှု ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရောင်းကုန် ပစ္စည်းများမှ တန်ဖိုးမြင့်ကုန်ပစ္စည်းများထုတ်လုပ်၍ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်သူများ အတွက်လည်း ကုန်ထုတ်လုပ်မှု များမှ အကျိုး အမြတ်များ ရရှိမည်ဖြစ်သကဲ့သို့ နိုင်ငံအတွက်လည်း အကျိုးရှိမည် ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ စီးပွားရေး မြှင့်တင်မှုအတွက် ကုန်ထုတ်လုပ်မှုများကို မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် နိုင်ငံခြားဝင်ငွေများအနေဖြင့် ကုန်သွယ်မှု (Trade)နှင့် ကုန်သွယ်မှုနှင့် မသက်ဆိုင် သည့် (Non Trade) တို့မှ ဝင်ငွေများ ရှိကြောင်း၊ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ တင်ပြချက်များအရ မိမိတို့နိုင်ငံတွင် နှစ်စဉ် ကုန်သွယ်မှု လိုငွေများ ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် တစ်နှစ်တည်းတွင်သာ ပိုငွေ အနည်းငယ် ပြခဲ့သည်ကို သိရှိရကြောင်း၊ ပြည်ပချေးငွေများ၊ ထောက်ပံ့ ငွေများ ဖြင့် လည်ပတ် အသုံးပြုနေ သည် ကို သိရှိရခြင်းကြောင့် နိုင်ငံအတွက် အန္တရာယ် ကြီးမား သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ပြည်ပဝင်ငွေများရရှိရေး ထုတ်ကုန် များ ထုတ်လုပ်၍ ပြည်ပသို့တင်ပို့ ရောင်းချနိုင်ရန်လိုကြောင်း၊ ထုတ်ကုန်များ တိုးမြှင့်ရေးအတွက် စိုက်ပျိုးရေး လုပ်ငန်းများတွင် တစ်ဧကချင်း အထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်ရန် လိုသကဲ့သို့ အရေအတွက်ပိုမို ထုတ်လုပ်နိုင်ရေးအတွက်လည်း အားပေးဆောင်ရွက်ရန် လိုကြောင်း၊ မြေပေါ် မြေအောက် သယံဇာတပစ္စည်းများကိုလည်း ကုန်ကြမ်း အတိုင်း ရောင်းချခြင်းမဟုတ်ဘဲ ကုန်ချော ပစ္စည်းများအဖြစ် ထုတ်ကုန်များ ထုတ်လုပ်၍ တင်ပို့ရောင်းချပြီး အကျိုးရှိရှိ အသုံးချနိုင်ရန် လိုကြောင်း၊ ထိုသို့ ဆောင်ရွက်၍ ထုတ်ကုန် ပစ္စည်း များ ထုတ်လုပ်ပြီး ကုန်သွယ်မှုကို မြှင့်တင်ရန် လိုကြောင်း။

ပြည်ပသွင်းကုန်များနှင့်ပတ်သက်၍ တိုင်းပြည် စီးပွားရေး ပြန်လည် ကောင်းမွန်ရန်အတွက် သွင်းကုန် အစားထိုး ကုန်ထုတ်လုပ်မှု များကို ဆောင်ရွက် နေ ကြောင်း၊ ပြည်တွင်း၌ ထုတ်လုပ်၍ရသည့် ပစ္စည်းများ ကို ပြည်ပမှ တင်သွင်း ခြင်း ထက် ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး အားပေး ဆောင်ရွက်ရန် လိုကြောင်း၊ အချို့ပစ္စည်းများမှာ သတ်မှတ် ထားသည့် အရည်အသွေးမရှိသည်ကို တွေ့ရှိရ သဖြင့် လိုအပ်သည့် စက်ပစ္စည်းများနှင့် နည်းပညာများ အဆင့်မြှင့်တင်ခြင်း ကို ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ သွင်းကုန် အစားထိုး ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက် နိုင်မည်ဖြစ်ပြီး မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ကြောင်း။

ပြည်ပမှ တင်သွင်းလျက်ရှိသည့် ပစ္စည်းများတွင် ဝါ နှင့် ပတ်သက်၍ ပြည်တွင်း အထည်ချုပ် လုပ်ငန်းများ အတွက် လိုအပ် သည့် ပစ္စည်းများ တင်သွင်းမှုသည် ၂၀၁၉၂၀၂၀ ခုနှစ်ဘဏ္ဍာနှစ်အတွင်း ဓာတုချည်ခင်၊ အခြားချည်ထည်မျိုးစုံ၊ ချည်ထည် နှင့် ပိတ်၊ အပ်ချည်ကြိုး တန်ဖိုး စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၁၂၈၀ ခန့် တင်သွင်းခဲ့ရကြောင်း၊ မိမိတို့ နိုင်ငံ တွင် ဝါထွက်ရှိသော်လည်း ပြည်ပသို့ ကုန်ကြမ်း များ တင်ပို့၍ ပြည်တွင်းသို့ ကုန်ချောများ တင်သွင်း နေ ရခြင်း ဖြစ်ကြောင်း။

မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ချည်မျှင်များသည် ကုန်ချော ထုတ်လုပ်ရန်အတွက် အဆင့်မီသည့် ချည်မျှင်ရှည်ဝါများဖြစ်ရန် လိုအပ်သဖြင့် ပြည်တွင်း ဝါစိုက်ပျိုးမှုတွင် အဆင့်မြင့် ချည်မျှင်ရှည် ဝါများ ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါ ဝါ စိုက်ပျိုးရေး လုပ်ငန်းများမှ ထွက်ရှိလာသည့် ချည်မျှင်ရှည်ဝါများကို အသုံးပြု၍ နိုင်ငံအတွင်းရှိ စက်ရုံများမှ အဆင့်မီချည်ထည်များကို ထုတ်လုပ် နိုင်မည်ဖြစ်ကြောင်း၊ အထည်အလိပ် လုပ်ငန်းများကို အားပေး ဆောင်ရွက်ရန် လိုကြောင်း၊ နိုင်ငံစီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် ထုတ်လုပ် မှု နှင့် ကုန်သွယ်မှုတိုးတက်အောင် အားလုံးမှ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြစေ လိုကြောင်း။

17-8-2022နေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှ ကောက်နုတ်ဖော်ပြပါသည်။