ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

နေပြည်တော်ကောင်စီနယ်မြေ စိုက်ပျိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်မှု ကြီးကြပ်ရေး ကော်မတီ လုပ်ငန်းညှိနိုင်းအစည်းအဝေး ကျင်းပ           

    

နေပြည်တော်ကောင်စီနယ်မြေကို စိမ်းလန်း သာယာ တင့်တယ်သော ဒေသ Green City ၊ Clean City ၊ Smart City အဖြစ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန က ဆက်စပ်ဌာနများ နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသကဲ့သို့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အပါအဝင် လယ်ယာ ကုန်ထုတ်လုပ်မှုကို ဖွံ့ဖြိုး တိုးတက်စေသဖြင့် ဒေသနေပြည်သူများ ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများအလိုက် တာဝန်ယူ ဆောင်ရွက်ရေး လုပ်ငန်း ညှိနှိုင်း အစည်း အဝေး ကို ဇူလိုင်လ  (၂၇) ရက်နေ့ နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ ပါမောက္ခချုပ် များ၊ နေပြည်တော် ကောင်စီနယ်မြေရှိ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး က အမှာစကားပြောကြားရာတွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသူများ၊ ရင်းနှီးမြုပ်နှံ လုပ်ကိုင်လိုသူများ အား တည်ဆဲဥပဒေများနှင့်အညီ လွယ်ကူရိုးရှင်းစွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများအနေဖြင့် ကူညီပံ့ပိုးပေးရန်လိုကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေရှိ စိုက်ပျိုးမြေ လုပ်ကိုင်နိုင်သော ရေခံမြေခံ အခြေအနေကောင်းများကို အသုံးပြုပြီး ပြည်သူများ အလုပ်ကိုင် ရရှိရေးနှင့် ဝင်ငွေတိုးတက်ရေးကို ဦးစားပေး ထည့်သွင်း ဆောင်ရွက်ရန် လိုကြောင်း၊ အုပ်ချုပ်ရေး မြို့တော် ဖြစ်သည့် နေပြည်တော် ကောင်စီနယ်မြေ ကို စိုက်ပျိုးမွေးမြူရေး အခြေခံသည့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးသော ဒေသအဖြစ် အခြားသော တိုင်း​ဒေသကြီး ပြည်နယ်များ၏ စံပြနယ်မြေ ဖြစ်စေရေး အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ ဆွေးနွေး ကြစေလို ကြောင်းမှာကြားသည်။

ဆက်လက်၍ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်မှ (၁/၂၀၂၂) အစည်းဝေး ဆုံးဖြတ်ချက် များကို သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်း ဆောင်ရွက်နေမှုအပေါ်  အကျဉ်းချုပ်တင်ပြဆွေးနွေးပြီး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို  သက်ဆိုင်ရာဌာန ညွှန်ကြားရေးမှူးချုပ်များ ၊ နေပြည်တော် ကောင်စီနယ်မြေရှိ တိုင်းဒေသကြီး ခရိုင် အဆင့် လယ်ယာကဏ္ဍ ဆိုင်ရာ တာဝန်ရှိသူများ က တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီး က လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။