ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် နေကြာမျိုးစေ့ မျိုးသန့် ပွားများ ထုတ်လုပ်မှု တိုးမြှင့်ရေး ဆောင်ရွက်

 

နိုင်ငံတော် က ပြည်တွင်းစားသုံးဆီဖူလုံရေး နှင့် နိုင်ငံတကာ၏ စားသုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး ကော်မတီ ကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ကြောင်း၊ စိုက်ပျိုးရာသီ တစ်ရာသီ နှစ်ရာသီအတွင်း ဆီထုတ်လုပ်မှု သိသာစွာ တိုးတက်စေရန် နေကြာသီနှံကို စိုက် ဧက ၁.၅ သန်း တိုးချဲ့ စိုက်ပျိုးနိုင်ရေး အတွက် မျိုးစေ့ထုတ်လုပ်ရေးသည် အဓိကလုပ်ငန်းတစ်ခုဖြစ်သဖြင့် အထွက်ကောင်းမျိုး သုတေသန လုပ်ငန်းများကို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ (၂၇)ရက်နေ့ နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနခြံ၌ ကျင်းပပြုလုပ်သည့် နေကြာ သီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် နေကြာမျိုးစေ့ မျိုးသန့်ပွားများရေးဆောင်ရွက်မှု အခြေအနေ ရှင်းလင်းဆွေးနွေးပွဲ တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

ရှင်းလင်းဆွေးနွေးပွဲ သို့ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ သုတေသန ပညာရှင်များ၊ မျိုးသန့်မျိုးပွားလုပ်ငန်း နှင့် တောင်သူပညာပေးလုပ်ငန်းများ မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် က ၂၀၂၂ – ၂၀၂၃  ခုနှစ် မိုးရာသီ နှင့် မိုးနှောင်းရာသီများတွင် ဆောင်ရွက်မည့် မျိုးသန့်ပွားများရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က နေကြာသီးနှံ မျိုးစေ့ထုတ်လုပ်ငန်းကို ဌာနပိုင်ခြံများ တွင် မျိုးသန့်မျိုးပွားမှုလုပ်ငန်း အဆင့် အလိုက် ဆောင်ရွက်လျက် ရှိသည့်အခြေအနေ နှင့် နေကြာ မျိုးစေ့ဖူလုံရေး အတွက် ဌာန တောင်သူ ပုဂ္ဂလိက ကဏ္ဍအသီးသီးနှင့် ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ တပ်ကုန်း စိုက်ပျိုးရေး သုတေသနခြံ တာဝန်ခံ က ဆောင်ရွက်ဆဲလုပ်ငန်း များ နှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာတွင် မူဝါဒ ချမှတ်ရေး တွင် အထောက်အကူဖြစ်စေမည့် ခိုင်မာသော ကိန်းဂဏန်း စာရင်းဇယားများ ဖြစ်စေရေး ၊ လျာထား တွက်ချက်မှုနှင့် မြေပြင်လက်တွေ့ အကောင်အထည်ဖော်နိုင်မှု အနီးစပ်ဆုံး ဖြစ်စေရေး ဂရုပြုဆောင်ရွက်ရန်၊ နေကြာသီးနှံကို အဓိက စိုက်ပျိုးမည့်ဒေသများ၊ သီးထပ် သီးညှပ် စိုက်ပျိုးမည့်ဒေသများကို ဧရိယာအလိုက် လိုအပ်ချက်များ ဖြည့်ဆည်း ပေးရန်၊ ရေအသုံးချသူအဖွဲ့များ နှင့် စနစ်တကျလယ်ယာမြေဖော်ထုတ်လုပ်ကိုင်နေသူ တောင်သူများ ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ရေမြေအခြေအနေ သင့်တော်သည့် ဧရိယာများ တွင် မျိုးစေ့ထုတ် ဇုံများ ဆောင်ရွက်ရန် ၊ နေကြာမျိုးစေ့ထုတ်လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အကျိုးဆောင် တောင်သူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်နိုင်ရေး၊ လယ်ယာသုံး စက်ကိရိယာ သုံးစွဲ နိုင်ရေး အတွက် ဌာန နှင့် ပုဂ္ဂလိက လယ်ယာသုံး စက်ကိရိယာဝန်ဆောင်မှုများ က ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်၊ ဆက်စပ်ဌာနများ၏ ပူးပေါင်းမှု အားကို ရယူဆောင်ရွက်ရန်၊ မျိုးစေ့ထုတ်လုပ်ငန်း နှင့် ဆီစက်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှု တိုးမြှင့်ဆောင်ရွက်လိုသူများ ဖိတ်ခေါ်အားပေးဆောင်ရွက်ရန် လိုအပ်ချက် များ ကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် တပ်ကုန်း စိုက်ပျိုးရေး သုတေသနခြံ တွင် နေကြာမျိုးသန့် မျိုးပွားစိုက်ပျိုးနေမှု၊ ရေဆင်း စပ်မျိုး နေကြာ-၁ မိဘလိုင်းများ မျိုးသန့်ထိန်းသိမ်းခြင်းလုပ်ငန်း၊ အလားအလာကောင်းသော ထုတ်ဝေပြီး စပ်မျိုးပြောင်း စိုက်ခင်း တို့ကို ကြည့်ရှုစစ်ဆေးအားပေးသည်။

နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရှားတောကျေးရွာအုပ်စုတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ရေး စီမံကိန်းမြေနေရာအား ကြည့်ရှုစစ်ဆေးရာ လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန ၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူ များက ဆောင်ရွက်ဆဲစီမံကိန်းလုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်း ဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။

အလားတူ ပြည်ထောင်စုဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် တပ်ကုန်း မြို့နယ်ရှိ ရှောက်ကုန်း၊ ကျားသေအိုင်၊ နွယ်ရစ်ကျေးရွာများ တွင် အချင်း ၁၀ လက်မရှိ စက်ရေတွင်းများဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှု နှင့် ဆောင်ရွက်ပြီး စက်ရေတွင်း (၂၅)တွင်း မှ စိုက်ပျိုးမြေဧရိယာ(၇၅၀)ဧက အား စိုက်ပျိုးရေပေးဝေနေမှု၊ ဆောင်ရွက်ဆဲ စက်ရေတွင်း(၅)တွင်းနှင့် ဆက်လက် ဆောင်ရွက် မည့် စက်ရေတွင်း(၁၀)ခု ပြီးစီးပါက စိုက်ပျိုးမြေဧရိယာ(၁၂၀၀)ဧက အား အကျိုးပြုနိုင်မည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

လုပ်ငန်းများကွင်းဆင်းကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး က  သဘာဝရေချို အရင်းအမြစ်များ အကျိုးရှိစွာသုံးစွဲနိုင်ရေး၊ ရေအနည်းလို တန်ဖိုးမြင့်သီးနှံများပါဝင်သော သီးနှံပုံစံများပြောင်းလဲ  စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သီးထပ်စွမ်းအားတိုးတက်ရေး၊ ဟင်းသီး ဟင်းရွက်စိုက်ခင်းများမှ ထွက်ရှိသည့် သီးနှံများကို ထုတ်လုပ်သူများအကျိုးရှိ စေရန် လက္ကားဈေးကွက်များမှတဆင့် ဈေးကွက်သို့ ဖြန့်ဖြူးနိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။